Shown on Home Sliderဗဟုသုတဆိုင်ရာ

စေတနာကောင်းသော တိုင်းပြည်

အကူအညီပေးရန် ဆန်ရောင်းချခြင်း
၂၀၀၄ ခုနှစ် မေလဆန်းနေ့တစ်နေ့ဖြစ်ပါသည်။ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး (ကုန်သွယ်/လယ်ယာ) ၊ ပြည်ပပို့ကုန်ဌာနတွင် ဒုတိယအထွေထွေမန်နေဂျာ တာဝန် ထမ်းဆောင်နေသော ကျွန်တော့်အား ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးမင်းလှအောင်က အရေးကြီးကိစ္စရှိ၍ သူနှင့်အတူ ဝန်ကြီးရုံးသို့လိုက်ပါရန် ညွှန်ကြားပါသည်။ ဝန်ကြီးရုံးသို့ ရောက်ရှိ ချိန်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ဝန်ကြီး ဗိုလ်မှူးချုပ်ပြည့်စုံထံ သို ဝင်ရောက်သတင်းပို့ပြီး ကျွန်တော်က ဝန်ကြီးရုံးခန်းပြင်ပမှ စောင့်နေခဲ့ပါသည်။ ခဏအကြာတွင် ဦးဆောင်ညွှန်ကြား ရေးမှူး ပြန်လည်ထွက်ခွာလာပြီး ကျွန်တော်နှင့်အတူ ရုံးသို့ ပြန်လာကြပါသည်။ အပြန်လမ်း ကားပေါ်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ကျွန်တော့်အား ဂမ်ဘီယာဆိုတဲ့ နိုင်ငံကိုသိသလားဟု မေးပါသည်။ ကျွန်တော်က ဂမ်ဘီယာဆိုသည့်နိုင်ငံကို မကြားဘူးပါ၊ သို့ဖြစ်၍ အာဖရိကနိုင်ငံ တစ်ခုခုဖြစ်မည်ထင်သည်ဟုသာ ဖြေကြားလိုက်ပါသည်။
ကျွန်တော့်အဖြေကို နားထောင်အပြီးတွင် ဦးဆောင်ညွှန်ကြားရေးမှူးက “ဂမ်ဘီယာနိုင်ငံ က လူကြီးတစ်ယောက် ဒို့နိုင်ငံရောက်နေတယ်၊ ဒို့လူကြီးတွေနဲ့တွေ့ဆုံပြီး သူ့နိုင်ငံမှာ စားနပ် ရိက္ခာပြတ်လပ်နေလို့ အကူအညီတောင်းလို့ ဒို့ကဆန်ရောင်းပေးရမယ်၊ သင်္ဘောအမြန်တင်နိုင် အောင် မင်း အထွေထွေမန်နေဂျာနဲ့ အခြားသက်ဆိုင်တဲ့ အထွေထွေ မန်နေဂျာတွေ ပူးပေါင်းပြီး ဆောင်ရွက်ပေးရလိမ့်မယ်၊ ဒုက္ခရောက်နေတဲ့ နိုင်ငံဖြစ်လို့ မင်းတို့က ဆန်ဈေးကို တတ်နိုင်သမျှ လျော့ရောင်းပေးဘို့ စီစဉ်ပေးပါ” ဟု ညွှန်ကြားပါသည်။ ရုံးပြန်ရောက်ပြီးချိန်တွင် ဦးဆောင်ညွှန် ကြားရေးမှူးက အထွေထွေမန်နေဂျာများကို ခေါ်ယူ၍ ဂမ်ဘီယာသို့ ဆန်တင်ပို့ရေးကိစ္စ အသေးစိတ် မှာကြားပါသည်။
ဦးဆောင်ညွှန်ကြားရေးမှူး မှာကြားသည်များထဲမှ ကျွန်တော်မှတ်မိသည်မှာ “ဂမ်ဘီယာ နိုင်ငံတွင် စားနပ်ရိက္ခာပြဿနာပေါ်နေ၍ မိမိတို့က တတ်နိုင်သမျှ ကူညီပေးရမည်၊ ဈေးနှုန်းကို လည်း အခြားနိုင်ငံများကို ရောင်းသည့်ဈေးနှုန်းထက် လျော့ချပေးရမည်၊ ဆန်အရည်အသွေးကို လည်း ဧည့်မထ ၂၅% ဆန်ထဲမှ ကောင်းသည့်ဆန်ကိုရွေး၍ တင်ပို့ပေးရမည်၊ လူသားချင်း စာနာစိတ်ဖြင့် စေတနာထား၍ ဆောင်ရွက်ပေးရမည်” စသည့်အချက်များ ဖြစ်ပါသည်။ ထိုအချိန် ထိ ဂမ်ဘီယာနိုင်ငံဆိုသည်မှာ မည်သို့သော နိုင်ငံဖြစ်သည်ကို ကျွန်တော်မသိသေးပါ။ သို့ဖြစ်၍ ဂမ်ဘီယာနှင့် ပတ်သက်သည့် အချက်အလက်များကို ရနိုင်သည့် အရင်းအမြစ်များမှ ရှာဖွေ လေ့လာခဲ့ပါသည်။

၂၀၀၄ ခုနှစ်က ဂမ်ဘီယာ
ဂမ်ဘီယာနိုင်ငံသည် အာဖရိကတိုက် အနောက်ကမ်းရိုးတန်းပေါ်တွင်ရှိသည့် စိုက်ပျိုးရေး နိုင်ငံတစ်ခုဖြစ်ပါသည်။ လူဦးရေ၏ ၇၀% မှာ အစားအစာနှင့်ဝင်ငွေရရှိရေးအတွက် စိုက်ပျိုးရေး ကဏ္ဍအပေါ်တွင် အခြေပြုထားရပါသည်။ နိုင်ငံ၏ GDP တွင် စိုက်ပျိုးရေးကဏ္ဍက ၃၀% ပါဝင်နေ ပြီး နိုင်ငံ့ပို့ကုန်၏ ၉၀% မှာလည်း စိုက်ပျိုးရေးထွက်ကုန်များပင် ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်က နိုင်ငံ့ လူဦးရေသည် ၁.၄ သန်းရှိပြီး လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြ၍ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြပါသည်။ လူဦးရေသိပ်သည်းဆမှာ တစ် စတုရန်းကီလိုမီတာတွင် ၁၂၈ ဦးနှုန်းဖြစ်ပြီး အာဖရိကနိုင်ငံများအကြား လူဦးရေသိပ်သည်းမှု အများဆုံး နိုင်ငံများထဲတွင် ပါဝင်နေပါသည်။
ဂမ်ဘီယာမြစ်သည် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသော ရေအရင်းအမြစ် တစ်ခုဖြစ်သော်လည်း ပင်လယ်ပြင်မှ ဆားငန်ရေများ တိုးဝင်လာမှုကြောင့် ကမ်းခြေဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မသင့်လျော်သည့် အခြေအနေပေါ်ပေါက်နေခဲ့ပါသည်။ နိုင်ငံ၏ စိုက်ပျိုးကဏ္ဍထုတ်လုပ်မှုကလည်း တက်ချီကျချီဖြစ်နေခဲ့ပြီး ယင်းကြောင့်ပင် ဂမ်ဘီယာ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်ရုံသာမက ဝင်ငွေနည်းပြီး စားနပ်ရိက္ခာမလုံလောက်သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ရပါသည်။ ပြည်တွင်း စားနပ်ရိက္ခာထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု၏ ၅၀% သာရှိပြီး အဓိကအားဖြင့် ဆန်ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုးခန့် ဝယ်ယူ တင်သွင်းရလျှက်ရှိရာ အဆိုပါ အခြေအနေကြောင့် နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကိုလည်း ထိခိုက် လျှက်ရှိနေခဲ့ပါသည်။ ဂမ်ဘီယာနိုင်ငံ၏ စားနပ်ရိက္ခာ အဓိက အရင်းအမြစ်မှာ ပြည်တွင်ထုတ်လုပ် မှု၊ ပြည်ပမှဝယ်ယူတင်သွင်းမှုနှင့် နိုင်ငံတကာ စားနပ်ရိက္ခာ အထောက်အပံ့များပင် ဖြစ်ပါသည်။ နိုင်ငံ၏ လူဦးရေ ၄၇% မှာ ဆင်းရဲမှုကိုလည်းကောင်း၊ ၃၀% မှာ အလွန်အမင်း ဆင်းရဲမှုကို လည်းကောင်း ခံစားနေရပြီး စားနပ်ရိက္ခာမဖူလုံမှုက ကြီးစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့ပါ သည်။
ဂမ်ဘီယာနှင့် ဆန်ရောင်းစာချုပ်ချုပ်ဆိုခြင်း
မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး အနေဖြင့်လည်း ၂၀၀၃ ခုနှစ်က ပေါ်ပေါက်လာခဲ့သည့် “ဆန်စပါးမူဝါဒသစ်” အရ ယခင်နှစ်များကဲ့သို့ စပါးဝယ်ယူခြင်း ၊ သိုလှောင် ခြင်း၊ ကြိတ်ခွဲခြင်း မပြုတော့သဖြင့် ဌာန၏ လက်ကျန်ဆန်များမှာ ဆန်ဟောင်းများသာ ဖြစ်နေပြီး အများစုမှာ ဆန်ဝါ ၇% မှ ၂၀% အထိ ပါဝင်နေသည့် ဆန်များသာဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စံချိန် စံညွှန်းအရ ဧည့်မထ ၂၅% ဆန်တွင် ဆန်ဝါပါဝင်မှုကို ၂% သာ ခွင့်ပြုသဖြင့် ဂမ်ဘီယာသို့ ဆန် ကောင်းတင်ပို့ရေးမှာ များစွာအခက်အခဲ ပေါ်ခဲ့ပါသည်။ သို့ရာတွင် ထိုစဉ်က အထွေထွေမန်နေဂျာ များ ဖြစ်ကြသည့် ဦးတင်ရွှေ ၊ ဦးမောင်မောင်ကြည်နှင့် ဦးမျိုးဦးတို့၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဂမ်ဘီယာနိုင်ငံက ဝယ်ယူတင်သွင်းလိုသည့် ဆန်တန်ချိန်သုံးသောင်း ပြည့်မီအောင် ကုန်သွယ်/ လယ်ယာဌာနတစ်ခုလုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြပါသည်။ ဆန်ဈေးနှုန်း ကိုလည်း ဦးဆောင်ညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ တစ်တန်လျှင် ၁၆၁.၆၇ ယူရိုဖြင့် ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုစဉ်က ဧည့်မထ ၂၅% ဆန်တစ်တန်ပေါက်ဈေးမှာ ယူရို ၁၈၀ ခန့်ရှိပါသည်။ ဆန်ရောင်းချရာတွင်လည်း အမေရိကန်နိုင်ငံက ပိတ်ဆို့တားဆီးမှုများကြောင့် အမေရိကန်ဒေါ်လာဖြင့် ရောင်းချရန် အခက်အခဲများစွာ ရှိနေခဲ့သည့်ကာလလည်း ဖြစ်ပါသည်။
ဂမ်ဘီယာနိုင်ငံမှ ရောက်ရှိနေသည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းချက်အရ ဆန်တန်ချိန် သုံးသောင်းကို သင်္ဘောနှစ်စီးဖြင့် သယ်ယူမည်ဖြစ်ပြီး သင်္ဘောကို ဂမ်ဘီယာနိုင်ငံက ဆောလျင်စွာ စေလွှတ်ပေးလိုသဖြင့် ရောင်းချမည့် ဆန်များကို သင်္ဘောတင်ရန် အဆင်သင့်ဖြစ်သည့် အနေ အထားသို့ အမြန်ဆုံး ပြင်ဆင်ပေးရန် စီစဉ်ခဲ့ရပါသည်။ စာချုပ်အရ ရောင်းချပေးသည့် ဆန်တန်ဖိုး မှာ ယူရို ၄.၈၅ သန်း (၄,၈၅၀,၁၀၀) ဖြစ်ပါသည်။ ငွေပေးချေမှုနှင့်ပတ်သက်၍ ထိုစဉ်က ကုန်သွယ်/ လယ်ယာ၏ လက်ကျန်ဆန်များကို ပြည်ပသို့ အမြန်တင်ပို့ရောင်းချနိုင်ရေး ဦးတည် ဆောင်ရွက် နေချိန်ဖြစ်ရာ ငွေပေးချေမှုစနစ် (Payment Term) ကို ဝယ်ယူသူက ကြေးနန်းဖြင့် လွှဲပို့သည့်စနစ် (Telegraphic Transfer – TT) ဖြင့် ကြိုတင်ပေးချေစေသည့်စနစ် (Advance Payment) ကို ကျင့်သုံးနေချိန်ဖြစ်သော်လည်း ဂမ်ဘီယာနှင့် ဆန်ရောင်းချရာတွင် ၎င်းတို့ အခက်အခဲ မပေါ်ပေါက်စေရေးအတွက် TT Advance Payment စနစ်ကို ကျင့်သုံးခြင်းမပြုဘဲ ကုန်ပစ္စည်း သင်္ဘောတင်ပြီးမှ ငွေပေးချေသည့် ငွေလွှဲစာတမ်းစနစ် (Letter of Credit – LC) ဖြင့် ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ပါသည်။
ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းမှုများ အပြီးသတ်ဆောင်ရွက်ပြီးနောက် ဆန်ရောင်းစာချုပ်ကို ၂၀၀၄ ခုနှစ် မေလ ၆ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံအစိုးရ ကုန်သွယ်ရေး၊ စက်မှုနှင့် အလုပ်အကိုင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Tamsir M. Manga နှင့် ကုန်သွယ်/လယ်ယာ၊ ဦးဆောင်ညွှန်ကြားရေးမှူး ၊ ဦးမင်းလှအောင်တို့က လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ အသိသက်သေအဖြစ် ဂမ်ဘီယာ ဘက်မှ Mr. Momodou Lamin Kujabi နှင့် Mr. Yusupha Jawara တို့ကလည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ အထွေထွေမန်နေဂျာ၊ ဦးတင်ရွှေနှင့် ဒုတိယ အထွေထွေမန်နေဂျာ၊ ဦးကျော်ဇောမောင် တို့ကလည်းကောင်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ လက်မှတ်ရေးထိုးမှုများ ဆောင်ရွက်ပြီး ချိန်မှစ၍ ကုန်သွယ်/လယ်ယာအနေဖြင့် ဂမ်ဘီယာ သို့ ဆန်တင်ပို့ရေးကိစ္စများကို အင်တိုက်အားတိုက် စတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြပါသည်။

ဂမ်ဘီယာသို့ ဆန်တင်ပို့ခြင်း
စာချုပ်များ ချုပ်ဆိုပြီးစီးပြီးနောက် ရက်အနည်းငယ်အကြာတွင် ဂမ်ဘီယာနိုင်ငံက စေလွှတ်လိုက်သော သင်္ဘောရောက်ရှိလာသဖြင့် တန် ၁၅၀၀၀ သင်္ဘောတင်ပေးခဲ့ပါသည်။ သို့ရာတွင် ဂမ်ဘီယာနိုင်ငံအနေဖြင့် ကျန်ရှိသည့် တန် ၁၅၀၀၀ ကို အခြားအခက်အခဲများကြောင့် သင်္ဘောတင်နိုင်စွမ်း မရှိတော့သဖြင့် စာချုပ်ပယ်ဖျက်ပေးခဲ့ရပါသည်။ စာချုပ်ပယ်ဖျက်ပေးရသည့် တိုင် ကုန်သွယ်/လယ်ယာ အနေဖြင့် ဂမ်ဘီယာနိုင်ငံသားများအတွက် စာနာစိတ်ဖြင့် ထပ်မံ သင်္ဘောတင်နိုင်သည့် အခြေအနေရောက်ရှိလာလျှင် ပြန်လည်တင်ပို့နိုင်ရေး မိမိတို့၏ လုပ်ငန်းစဉ် များကို ရပ်တန့်ခြင်းမပြုခဲ့ပါ။
ဂမ်ဘီယာနိုင်ငံအတွက် စာနာမှု
ဂမ်ဘီယာနိုင်ငံသို့ ဆန်ရောင်းစာချုပ်ချုပ်ဆို၍ ဆန်တင်ပို့ခဲ့ရာတွင် နိုင်ငံတော်အစိုးရ အကြီးအကဲများ၏ လမ်းညွှန်မှုအရ စားနပ်ရိက္ခာအခက်အခဲ ပေါ်နေသည့် နိုင်ငံအပေါ် လူသားချင်း စာနာသည့် အသိစိတ်ဓာတ်ဖြင့် ဖြေလျော့မှုများစွာ ဆောင်ရွက်ပေးခဲ့ပါသည်။ ကုန်သွယ်/လယ်ယာ ၏ လက်ဝယ်ရှိ နှစ်ဟောင်းလက်ကျန်ဆန်များအနက်မှ စံချိန်စံညွှန်းမီသည့် ဧည့်မထ ၂၅% ဆန်ကို ၎င်းတို့ ဝယ်ယူလိုသည့် တန်သုံးသောင်းရရှိစေရေးအတွက် နိုင်ငံအနှံ့အပြားတွင်ရှိနေသည့် ဆန် လက်ကျန်များထဲမှ အကောင်းဆုံးဆန်များ ရွေးချယ်စုဆောင်းခြင်း၊ စုဆောင်းရရှိသည့် ဆန်များကို အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် ပြန်လည်ကြိတ်ဖွတ်မှု ဆောင်ရွက်ခြင်း၊ ဆန်ဈေးနှုန်းကိုလည်း အခြားနိုင်ငံများ ရောင်းဈေးထက် လျော့ချဆောင်ရွက်ပေးခဲ့ခြင်း၊ TT Advance Payment ဖြင့် ငွေပေးချေမှုအစား LC စနစ်ဖြင့် ပေးချေနိုင်ရေး စီစဉ်ပေးခဲ့ခြင်း စသည်တို့မှာ သိသာထင်ရှားသည့် လူသားချင်းစာနာသော စေတနာများပင် ဖြစ်ပါသည်။
စာချုပ်အရ သင်္ဘောတင်ကာလကို ၂၀၀၄ ခုနှစ် မေလမှ ဇူလိုင်လအတွင်း သတ်မှတ်ထားခဲ့ ပြီး သတ်မှတ်ကာလအတွင်း သင်္ဘောမတင်နိုင်ပါက ဂမ်ဘီယာနိုင်ငံအနေဖြင့် သက်တမ်းတိုး တစ်လ ခွင့်ပြုပေးရန်လည်း ထည့်သွင်းချုပ်ဆိုပေးခဲ့ပါသည်။ ထို့အပြင် ထိုစဉ်က ကုန်သွယ်/ လယ်ယာက ကျင့်သုံးသည့် ဆန်ရောင်းစာချုပ် သတ်မှတ်ချက်များထဲတွင် “သတ်မှတ်သည့် ကာလအတွင်း သင်္ဘောတင်နိုင်ခြင်းမရှိပါက သင်္ဘောတင်ရန်ကျန်ရှိသည့် ပမာဏအပေါ် ဆန် တစ်တန် ရက်သတ္တ တစ်ပါတ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာနှုန်းဖြင့် သိုလှောင်ထိန်းသိမ်းခ ပေးဆောင်ရမည်” ဟု ထည့်သွင်းချုပ်ဆိုထားခဲ့သော်လည်း ဂမ်ဘီယာနိုင်ငံက သင်္ဘောမတင်နိုင် တော့သည့် တန်ချိန် ၁၅၀၀၀ အတွက် လမ်းညွှန်ချက်အရ ကုန်သွယ်/လယ်ယာအနေဖြင့် ဂမ်ဘီယာနိုင်ငံသို့ သိုလှောင်ထိန်းသိမ်းခ တောင်းခံမှုကိုလည်း ဖြေလျော့ပေးခဲ့ပါသည်။

စေတနာကောင်းသော တိုင်းပြည်
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ကုန်သွယ်/လယ်ယာအနေဖြင့် ပြည်ပသို့ ဆန် တင်ပို့မှုကို ပုံမှန်အားဖြင့် စီးပွားရေးဆန်ဆန်သာ ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့ တင်ပို့သည့် ကောက်ပဲသီးနှံကို ဈေးအများဆုံးရရှိအောင် ဈေးကွက်နည်းဗျူဟာ မျိုးစုံကျင့်သုံး၍လည်း ဆောင်ရွက်လေ့ရှိပါသည်။ ဂမ်ဘီယာနိုင်ငံသို့ ဆန်တင်ပို့မှု ဆောင်ရွက်ခဲ့ရာတွင်မူ စီးပွားရေး ဆန်ဆန် ဆောင်ရွက်ခြင်းထက် လူသားချင်းစာနာမှုကိုလည်းကောင်း၊ စားနပ်ရိက္ခာအခက်အခဲ ပေါ်နေသည့် နိုင်ငံငယ်တစ်ခုကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်ဆိုသည့် နိုင်ငံတော် အကြီးအကဲများ၏ စေတနာကို အရင်းခံ၍လည်းကောင်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် အပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးတို့က အားတက်သရော ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ မိမိတို့ နိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုအခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသော်လည်း မြန်မာနိုင်ငံသားများသည် အခက်အခဲပေါ်၍ ဒုက္ခရောက်နေသူများကို အကူအညီပေးရန် မည်သည့်အခါမှ နှောင့်နှေးမှုမရှိခဲ့သည်ကို ဂမ်ဘီယာနိုင်ငံသို့ ဆန်ရောင်းချပေးခဲ့သည့် ဖြစ်စဉ်က ထင်ဟပ်ပေါ်လွှင် စေလျှက်ရှိပါသည်။ မြန်မာပြည်သည် အမှန်ပင် စေတနာကောင်းသော တိုင်းပြည်တစ်ခု ဖြစ်ပါသည်။
အောင်နိုင်ဦး၊ မန္တလေး
ကိုးကား
FAO. 2004b. Gambia: TCP/GAM/2906 NEPAD-CAADP National Medium-Term Investment Programme

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button