တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၉-၁၀-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင်ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ အဆုံးအဖြတ်ရယူရန်လိုအပ်သည့်ကိစ္စများကို ဆွေးနွေးပေးစေလိုကြောင်း၊ ဓာတ်ပုံပြပွဲတွင် မှတ်တမ်းဓာတ်ပုံများ ထပ်မံဖြည့်စွက်ပြသနိုင်ရေး၊ သုံးစွဲမည့် ရန်ပုံငွေများအား စနစ်တကျသုံးစွဲရေး၊ ရန်ပုံငွေသုံးစွဲမှုအပေါ် စာရင်းစစ်ခံနိုင်ရေး စာရင်းဇယားများအား စနစ်တကျထားရှိဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အခမ်းအခမ်းအနားကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များက မိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
Source : www.moi.gov.mm