တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် ပြောကြားသော တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၏ မိန့်ခွန်း
၁။ ချစ်ကြည်လေးစားရပါသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ (၈) နှစ်မြောက်အခမ်းအနားသို့ တက်ရောက်လာကြတဲ့ သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနဲ့ သံတမန်များတို့ကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
၂။ ဒီလို ဂုဏ်ရောင်ထွန်းပြောင်တဲ့ သမိုင်းဝင်နေ့မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ကိုယ်စား ကျွန်တော့ကို မိန့်ခွန်းပြောကြားခွင့် ပြုတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက် ကျေးဇူးဥပကာရတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
၃။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့၊ နိုင်ငံတော်အစိုးရရဲ့ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတို့ဟာ ဒီတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကိုရရှိဖို့ (၂) နှစ်နီးပါး အချိန်ယူ ဆွေးနွေးခဲ့ကြရပါတယ်။
၄။ နှစ်ဖက်ညှိနှိုင်းဆွေးနွေးဘက်တွေအကြား ရဲရင့်တက်ကြွတဲ့ အားမာန်တွေနဲ့တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် အဖြေရှာလိုတဲ့ အာသီသကိုအခြေခံကြလို့ ဒီတစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကိုရရှိခဲ့တာဖြစ်ပြီး သမိုင်းစာမျက်နှာသစ်တစ်ခု ပေါ်ပေါက်စေခဲ့ပါတယ်။
၅။ ဒါတွေဟာ အလျှော့အတင်း ပြုလိုတဲ့စိတ်ဓါတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်း ဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့သန္နိဋ္ဌာန်၊ ဆွေးနွေးဘက်တစ်ဘက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအကြား ထိန်းသိမ်းထားနိုင်တဲ့ ညီညွတ်မှုနဲ့ယုံကြည်မှုတွေကြောင့်ဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း ဒီလိုစိတ်ဓါတ်ဆန္ဒနဲ့ ထပ်မံပြီး ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။
၆။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းဟာ သာမန်အပစ်ရပ်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးတာမဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံထူထောင်ရေးလျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဦးဆုံးသော အရေးကြီးတဲ့ခြေလှမ်းဖြစ်ပြီး စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေခဲ့တယ်ဆိုတာကို အားလုံးရင်ဆိုင်ကြုံတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။
၇။ ဒါကြောင့် ပြီးခဲ့တဲ့ကာလမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ရာမှာ အောင်မြင်သင့်သလောက် အောင်မြင်မှုမရရှိခဲ့သလို နိုင်ငံရေးအကြပ်အတည်းကြောင့် NCA အကောင်အထည်ဖော်မှုမှာလည်း ရပ်နားသွားခဲ့ရတယ်။ ကျွန်တော်တို့ အားလုံးဟာ မိမိတို့အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုပါတယ်။
၈။ နိဂုံးချုပ်အနေနဲ့ မိမိတို့နိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်ဖြစ်သည့်အလျှောက် လူမျိုးချင်းမတူသော်လည်း ငြိမ်းချမ်းစွာအတူတကွ နေထိုင်နိုင်ရေးအတွက် ရှေးရှုရန်လိုနေပါတယ်။ မိမိတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ ခါးသီးစွာတွေ့ကြုံခံစားလာခဲ့ကြရတဲ့ လက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းစေပြီး အနာဂတ်မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် “ ငြိမ်းချမ်းရေး” ဆိုတဲ့ အမွေအနှစ်ကို ချန်ရစ်ထားနိုင်ဖို့၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့အပေါ်အခြေခံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ လက်ရှိနိုင်ငံရေး အကျပ်အတည်းကိုကျော်လွှားကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စံနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြပါစို့လို့ ဒီကနေ့ အခမ်းအနားကို ဂုဏ်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။
Source : www.moi.gov.mm