တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၁၅-၁၀-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC – II) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ကြသည့် အသိသက်သေများ၊ NCA ညှိနှိုင်းဆွေးနွေးစဉ်က ပါဝင်ခဲ့ကြသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ တာဝန်ရှိသူများ၊ အိမ်နီးချင်းနိုင်ငံများ၏ အထူးကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် စောမူတူးစေးဖိုး၊ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ် စိုင်းမျိုးသန့်တို့က တိုင်းရင်းသားများနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် အခမ်းအနားသို့တက်ရောက်လာသည့် ဧည့်သည်တော်များသည် (MICC-II) Lobby ၌ ခင်းကျင်းပြသထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သတင်းစာများကပြောသောငြိမ်းချမ်းရေးသမိုင်း မှတ်တမ်းပြခန်း၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှတ်တမ်းဓာတ်ပုံများ ပြခန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြခန်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြခန်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းနှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုင်းရင်းသားဘာသာများဖြင့် ထုတ်လွှင့်မှု သရုပ်ပြပြခန်း၊ ပြည်ထောင်စုအလှ ထာဝရမှတ်တမ်းဓာတ်ပုံများ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို (MICC-II) Plenary Hall ၌ ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို LED Animation ဖြင့် စတင်ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား စုပေါင်းအလေးပြုကြသည်။
ဆက်လက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖော်ကျူးထားသည့် “ ငြိမ်းချမ်းသော ပန်းကမ္ဘာဆီသို့” တေးသီချင်းကို အနုပညာဦးစီးဌာနမှ အကအဖွဲ့က ဖျော်ဖြေတင်ဆက်ကြပြီး NCA ပေါ်ပေါက်လာပုံနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပုံဖော်ထားသည့် “ NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့ ” Video Clip ကို ပြသသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ဆိုင်ရာမိန့်ခွန်း ပြောကြားသည်။ ထိုသို့ မိန့်ခွန်းပြောကြားရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှု၊ တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA ဆက်စပ်မှု၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ဆိုင်ရာများ၊ PR စနစ်နှင့် တိုင်းရင်းသားပြည်သူအားလုံးအကျုံးဝင်မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးမျှော်မှန်းချက်များနှင့် နိုင်ငံရေးမျှော်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိမှု စသည်တို့နှင့် ပတ်သက်၍ ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံ ထည့်သွင်းပြောကြားသည်။
ယင်းနောက် NCA လက်မှတ်ရေးထိုးခဲ့ကြသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားကြသည်။
ဆက်လက်၍ NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun ၊ အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H. E . Sihasak Phaungket Keow နှင့် NCA လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်းအသိသက်သေများ၏ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး(အငြိမ်းစား) ဦးအောင်မင်းတို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီအဖွဲ့ဝင်များသည် NCA-S-EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခံရသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ အိမ်နီးချင်းနိုင်ငံများ၏ အထူးကိုယ်စားလှယ်များ၊ EAO အထောက်အကူပြုများနှင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ အစိုးရဘက်မှ NCA လက်မှတ်ရေးထိုးထားသူများ၊ ပြည်တွင်းအသိသက်သေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့်လည်းကောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ကော်မတီ၊ ကော်မရှင်များမှပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့မှ ကော်မတီဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသား/ တိုင်းရင်းသူများက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဂုဏ်ပြုဖော်ကျူးထားသည့် “ ငြိမ်းချမ်းရေးလက် မြဲမြဲဆက်” တေးသီချင်းဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ တိုင်းရင်းသား/တိုင်းရင်းသူများက “ပြည်ထောင်စုရဲ့ မြောက်ဘက်ဆီသို့ အလည်လာပါ”၊ “ကယားတို့၏ သဘာဝအလှနှင့် စုပေါင်းအက”၊ “ ငြိမ်းချမ်းဝေဆာ ပြည်မြန်မာ”၊ “စည်းလုံးခြင်း” တေးသီချင်းတို့ဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “အ အက္ခရာ အောင်ပါစေ” တေးသီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသား/ တိုင်းရင်းသူများက “ဝန်းရံကြမည် အမိမြန်ပြည်”၊ “လည်ဇောင် လာပါ ပြည်ဓညာ” “ရှမ်းတောင်တန်းအလှနှင့် ရှမ်းတို့ရိုးရာအက” တေးသီချင်းတို့ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များ စုပေါင်း၍ “ သွေးရင်းများပီပီ ” တေးသီချင်းဖြင့် လည်းကောင်း သရုပ်ဖော်ကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌက ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့များနှင့် တိုင်းရင်းသားအကအဖွဲ့များကို “ငြိမ်းချမ်းရေး ဂုဏ်ပြုပန်းခြင်း” နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားအကအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်လာကြသူများကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်များနှင့် အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ NCA စာချုပ်သည် တစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းက ရေးဆွဲထားခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လိုလားချက်များနှင့် အဆိုပြုချက်များကိုမူတည်၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲထားသည့် စာချုပ်တစ်ခုဖြစ်ကြောင်း၊ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့များကို ၄ နှစ်ဆက်တိုက်ကျင်းပနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် (၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို အခမ်းအနားကျင်းပနိုင်ခဲ့မှုမရှိသော်လည်း သဝဏ်လွှာများအပြန်အလှန်ပေးပို့၍ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင်နှစ်ပတ်လည်နေ့များကို ပြန်လည်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ယနေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
Source : www.moi.gov.mm