
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ မာရဝိဇယဗုဒ္ဓရုပ်ပွားမြတ်ကြီးအား ဖူးမြော်ကြည်ညို၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စီစဉ်ချီးမြှင့်သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များသည် ၁၅-၁၀-၂၀၂၃ ရက်နေ့ မွန်းလွဲပိုင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားမြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က စီစဉ်ချီးမြှင့်သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ယဉ်ကျေးမှုအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ်ပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားမြတ်ကြီးအား ဖူးမြော်ကြည်ညိုကြကာ ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက်များဖြင့် အနုပညာလက်ရာကွဲပြားစွာ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်တို့ကို စိတ်ဝင်တစားကြည့်ရှု လေ့လာကြသည်။
ထို့နောက်ယဉ်ကျေးမှုအကအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များသည် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Languageတို့ဖြင့် ထွင်းထုထည့်သွင်း တည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း စိတ်ဝင်စားစွာ ဖူးမြော်လေ့လာကြည်ညိုကြပြီး နေပြည်တော် Junction Centre နှင့် ရေပန်းဥယျာဉ်တို့ကို သွားရောက်လေ့လာကြည့်ရှုကြသည်။
ညပိုင်းတွင် ယဉ်ကျေးမှုအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များသည် ယနေ့တွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် အနုသုခုမပညာမြောက်စွာ တင်ဆက်ဖျော်ဖြေနိုင်ခဲ့မှုကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Hotel Max ၌ စီစဉ်ချီးမြှင့်ဆောင်ရွက်ပေးသည့် ညစာစားပွဲသို့ တက်ရောက်ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ ရင်းနှီးစွာ သုံးဆောင်ခဲ့ကြသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များတွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source : www.moi.gov.mm