ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များသတင်းများ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် NCA လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်းအသိသက်သေများ၏ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး (အငြိမ်းစား) ဦးအောင်မင်း ပြောကြားသည့် ဂုဏ်ပြုစကား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီး စောမူတူးစေးဖိုးနှင့်တကွ တိုင်းရင်းသားကိုယ်စားလှယ်များ၊ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

NCA နှစ်ပတ်လည်နေ့အခမ်းအနားမှာ ကျွန်တော့်ကိုစကားပြောခွင့်ပြုခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ NCA ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်။

၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်ဟာ ပထမဆုံးပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်တဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာပါတယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့က –

(၁)     မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခများဟာ နှစ်ပေါင်း (၇၀) ခန့် ကြာမြင့်ခဲ့ပြီးဖြစ်တယ်။

(၂)      အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ကြတယ်။ အောင်မြင်မှုများရရှိခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတာတွေရှိတယ်။

(၃)     ဒါကြောင့် ငြိမ်းချမ်းရေးကို ထာဝရရရှိအောင် ဆောင်ရွက်ကြမယ်လို့ သန္နိဋ္ဌာန်ချခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့အစမှာ အပစ်အခတ်ရပ်စဲရေးကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်ဟာ ဒီမိုကရေစီစနစ်ကိုပြောင်းနေပြီဖြစ်လို့ အပစ်ရပ်ပြီး ဒီမိုကရေစီဘောင်ထဲအားလုံးပါဝင်လာကြရင် ငြိမ်းချမ်းရေးရလာလိမ့်မယ်လို့ ကနဦးစဉ်းစားခဲ့ပါတယ်။

ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးကို စတင်ကြိုးစားလာတဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ တွေ့လာရပါတယ်။

ပထမစိန်ခေါ်မှုကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပေါ် သဘောမတူညီတဲ့အချက်တွေ ရှိနေကြတယ်။

ဒုတိယကတော့ ဒီမိုကရေစီပြောင်းလဲမှု ပြုလုပ်တဲ့အခါတိုင်းမှာ ဖြစ်ပေါ်လာတတ်တဲ့ မတည်ငြိမ်မှုတွေပဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ကျွန်တော်တို့ အကူးအပြောင်းလုပ်ခဲ့တဲ့ပုံစံက တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ တပ်မတော်အစိုးရကနေဦးဆောင်ပြီး ပြောင်းခဲ့တဲ့ပုံစံဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဗဟိုပြုပြီး ပြောင်းလဲတဲ့ပုံစံကို ဦးတည်ခဲ့ပါတယ်။

ဒါကြောင့် NCA စာချုပ်ဟာ အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းမဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့လမ်းကြောင်းကို အုတ်မြစ်ချခဲ့တဲ့စာချုပ်လို့လည်း ပြောလို့ရပါတယ်။

နောက်ပိုင်းမှာ ကျွန်တော်တို့အစိုးရစဉ်းစားခဲ့တဲ့ပုံစံကနေ အများကြီးပြောင်းလဲခဲ့တဲ့ ချဉ်းကပ်မှုအသစ်တွေ တွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေအပြီးမှာတော့ NCA စာချုပ်ကို အကောင်အထည်ဖော်ရမယ့်အချိန် ဖြစ်လာပါတယ်။ ရွေးကောက်ပွဲရလဒ်အရ အစိုးရအသစ်ဖြစ်လာတဲ့ NLD ပါတီအနေနဲ့လည်း စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ယခင်စဉ်းစားခဲ့တဲ့ချဉ်းကပ်မှုနဲ့ မတူခဲ့ပါဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုအခြေခံပြီး ဒီမိုကရေစီအကူးအပြောင်းလုပ်မယ်ဆိုတဲ့ လမ်းကြောင်းကနေ ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီး နိုင်ငံရေးအကူးအပြောင်းကို လုပ်မယ့်လမ်းကြောင်းကို ပြောင်းသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဦးစားပေးအဆင့် (၁) နေရာမှ အဆင့်လျှော့ချခြင်း ခံခဲ့ရပါတယ်။

NCA လက်မှတ်ရေးထိုးတဲ့နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောခဲ့တဲ့ မိန့်ခွန်းကို အမှတ်ရနေပါတယ်။ သမ္မတကြီးက NCA ရဲ့ အနှစ်သာရဟာ ဒီစာချုပ်ကိုအားလုံးဝိုင်းဝန်းပြီး ဘယ်လိုအကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့အချက်အပေါ်မှာ မူတည်လိမ့်မယ်။ စာချုပ်ကို အကောင်အထည်ဖော်ကြတဲ့အခါ ဒီစာချုပ်ရဲ့အနှစ်သာရ သဘောသဘာဝကို ဘယ်လောက် လေးလေးနက်နက် လက်ခံလဲဆိုတဲ့အချက်တွေမှာ မူတည်ပါလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

NCA စာချုပ်ဟာဆိုရင် ငြိမ်းချမ်းရေးသဘောတူညီချက်တွေရအောင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လိုလုပ်မလဲ၊ အပစ်အခတ်ရပ်စဲရေးခိုင်ခံ့အောင် ဘယ်လိုလုပ်မလဲ၊ အပစ်အခတ်ရပ်စဲထားတဲ့ ဒေသတွေမှာ အရပ်သားလူထုကို ဘယ်လိုအကာအကွယ်ပေးမလဲဆိုတာကို (peace process framework) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျောရိုးတစ်ရပ်ကို သဘောတူညီထားတဲ့စာချုပ် ဖြစ်ပါတယ်။

ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အခုချိန်မှာ မပြီးပြတ်သေးပါဘူး။ ကျွန်တော်တို့ သဘောတူညီခဲ့ကြတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့ကြသေးပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း ငြိမ်းချမ်းရေးမှာ ဒီရေတက်ချိန်၊ ကျချိန် ဆိုတာ ရှိတတ်ပါတယ်။ ငြိမ်းချမ်းရေး ဒီရေကျတဲ့အချိန်ကို ငြိမ်းချမ်းရေးပျက်တယ်လို့ မြင်လို့မရပါဘူး။ ငြိမ်းချမ်းရေးက ရှိနေဆဲဖြစ်ပါတယ်။

NCA စာချုပ်မှာ အင်မတန်အရေးကြီးတဲ့ အချက်တစ်ခုပါရှိပြီး ဖြစ်ပါတယ်။ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တိုင်းဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့အချက်ကို သဘောတူလက်ခံတာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကိုဘယ်လိုစနစ်မျိုးနဲ့ ထူထောင်သွားမယ်ဆိုတာကို လက်ခံပြီးဖြစ်ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံသမိုင်းမှာ အင်မတန်အရေးပါတဲ့ နိုင်ငံရေးသဘောတူညီချက်ဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့အားလုံး လက်ခံထားသရွေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဆက်လက်ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။

NCA အလုပ်မဖြစ်ဘူးလို့ ပြောနေကြပါတယ်။ ကျွန်တော့်အမြင်ကတော့ နိုင်ငံရေးအရအဖြေရှာမှုကို ဆန့်ကျင်နေသရွေ့တော့ NCA အကောင်အထည်ဖော်မှုကို ထိခိုက်နေမှာ အမှန်ဖြစ်ပါတယ်။

NCA သေဆုံးသွားပြီလို့ ပြောနေကြပါတယ်။ NCA မသေပါဘူး။ ယနေ့လုပ်တဲ့ပွဲက သက်သေဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လားရှိုးမြို့ခရီးစဉ် ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ လက်နက်ကိုင် ပဋိပက္ခများရဲ့သမိုင်းကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ကျွန်တော်တို့ဟာ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်။ NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်း အသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြတယ်။ Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်တယ်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာလည်း ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဆိုတဲ့ အချက်ကိုတွေ့ရသလို နိုင်ငံရေးဦးတည်ချက်တွေမှာလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး ဦးတည်ချက်ထားတာကို တွေ့ရပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီအကူးအပြောင်း အောင်မြင်ဖို့အတွက် NCA ကို အကောင်အထည်ဖော်နိုင်ဖို့က အရေးကြီးပါတယ်။ သို့မှသာ NCA လမ်းကြောင်းပေါ်မှာပဲ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံး နောင်အနာဂတ်မျိုးဆက်တွေအတွက် NCA ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာနိုင်ရေး ဝိုင်းဝန်းကြိုးစားကြဖို့ ဆန္ဒပြုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Source : www.moi.gov.mm

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button