
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ NCA နှစ်ပတ်လည် အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ မူဝါဒဆိုင်ရာများနှင့် အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား စီစဉ်ကျင်းပသွားမည့်ကိစ္စများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး NCA နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်ရေး ဦးစီးကော်မတီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အခမ်းအနားကျင်းပမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက အခမ်းအနားတက်ရောက်သူများ ဖိတ်ကြားရေး၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က အခမ်းအနားကျင်းပရာတွင် အစီအစဉ်တကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက မိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အဓိပ္ပာယ်ရှိရှိ အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
Source : www.moi.gov.mm