တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC II) ၌ ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ၁၁-၁၀-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက MICC II တွင် အခမ်းအနား ကျင်းပရန် ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ MICC II ရှေ့မျက်နှာစာတွင် ကျင်းပမည့်အခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ရန်နှင့် စက်ခလုတ်နှိပ်ဖွင့်လှစ်ရန် အစီအစဉ်နှင့် နေရာအခင်းအကျင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် MICC-2 Lobby တွင် ခင်းကျင်းပြသမည့် နယ်စပ်ရေးရာဝန်ကြီးဌာနပြခန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြခန်းများဖြစ်ကြသည့် သတင်းစာများကပြောသော ငြိမ်းချမ်းရေးသမိုင်းမှတ်တမ်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းနှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုင်းရင်းသားဘာသာများဖြင့် ထုတ်လွှင့်မှုသရုပ်ပြခန်းတို့ ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ အခမ်းအနားတွင် ကပြဖျော်ဖြေကြမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဦးမောင်မောင်အုန်းတို့သည် အခမ်းအနားကျင်းပမည့် Plenary Hall တွင် အခမ်းအနားပြင်ဆင်နေမှု၊ LED ဘုတ်များတပ်ဆင်မှု၊ လျှပ်စစ်မီးနှင့် အသံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့ပါသည်။
Source : www.moi.gov.mm