ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များသတင်းများ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများ

ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး – ငြိမ်း)

သူ့ဥပဒေနဲ့သူနေတဲ့လူတွေနဲ့ ဒီဘက်ကကိုယ့်ဥပဒေနဲ့နေတဲ့လူတွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဘယ်ဥပဒေကိုလိုက်နာရမှာလဲ။ သူတို့လိုက်နာနိုင်တဲ့ဥပဒေနဲ့ ကျွန်တော်တို့ လိုက်နာနိုင်တဲ့ ဥပဒေဆိုတာက NCA ပဲဖြစ်တယ်။

NCA မရှိရင် သူတို့ကို ဘာနဲ့ဆက်စပ်မှာလဲ။ တစ်ယောက်နဲ့တစ်ယောက် ဘာနဲ့ပြောကြမှာလဲ။ ဒါကြောင့်မို့လို့ NCA ကတော့ ရှိသင့်တယ်လို့ ပြောချင်ပါတယ်။ NCA က ဖျက်လို့မရဘူး။ ဖျက်လိုက်ရင် ကျွန်တော်တို့ကြားထဲမှာ ဥပဒေအရဆက်သွယ်ဖို့ လမ်းကြောင်းပျက်သွားပြီ။ ဒါကြောင့်မို့လို့ NCA ကို ရပ်တည်ဖို့အတွက် ကျွန်တော်ဒီကိုလာတာပါ။

နိုင်ငံသားတစ်ယောက်အနေနဲ့ NCA နဲ့ပတ်သက်ပြီး လူတိုင်းကို အမြဲတမ်းပြောပြတယ်။ အကြံဉာဏ်လည်းပေးတယ်။ ကျွန်တော်တို့လုပ်တဲ့အတိုင်း လုပ်ပေးပါ ဆိုပြီးပြောတာပါ။ ဒီနေ့ ငြိမ်းချမ်းရေးပွဲက ပုံစံလေးနည်းနည်းပြောင်းသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း အပြင်ကလူပါ။

ကျွန်တော်က နိုင်ငံသားဖြစ်တယ်။ နိုင်ငံသားတာဝန်အကုန်ထမ်းဆောင်မယ်။ နိုင်ငံသားတွေလည်း ငြိမ်းချမ်းရေးလုပ်လို့ရတယ်။ ငြိမ်းချမ်းရေးကိုလိုလားလာအောင် ပြောလို့ရတယ်။ ယခင်ထက်စာရင်တော့ နည်းနည်းတိုးတက်လာတာပေါ့ဗျာ။ ဒါကြောင့်မို့လို့ ဒီပွဲကြီးလုပ်တာပေါ့။ ဒီပွဲကြီးလုပ်တယ်ဆိုတာက သက်သေပဲလေ။

NCA နှစ်ပတ်လည်အခမ်းအနား ကျင်းပတာကောင်းတာပေါ့ဗျာ။ NCA ကပဲ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်တဲ့ စာချုပ်ကြီးဖြစ်ပါတယ်။ အားလုံးကပါဝင်ပြီးတော့ အခမ်းအနားကို ပျော်ပျော်ပါးပါး တက်တက်ကြွကြွတက်လာတာ မြင်ရတာကိုက ဝမ်းသာတာပေါ့ဗျာ။ ဒါငြိမ်းချမ်းရေးရဲ့ရောင်ခြည်လာပြီလို့ပြောလို့ရမှာပေါ့။ အတိတ်နိမိတ်တွေပဲဖြစ်ပါတယ်။

လူတိုင်းလူတိုင်းကတော့ NCA ပြဋ္ဌာန်းချက်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံတဲ့ လမ်းကြောင်းအတိုင်းသွားနေကြတာပါ။ တိုင်းရင်းသားတွေလည်း ဒီလမ်းကြောင်းအတိုင်း သွားနေကြတယ်။ ဒါပေမယ့် သူတို့သွားနေတဲ့လမ်းကြောင်းနဲ့ အဖွဲ့အစည်းအသီးသီးက သွားနေတဲ့လမ်းကြောင်း တစ်ထပ်တည်းကျအောင်လုပ်ရမယ်။ တစ်ထပ်တည်းကျမှ ငြိမ်းချမ်းရေးက ပိုပြီးတော့ အောင်မြင်မှာ။

ငြိမ်းချမ်းရေးမှာ စားပွဲဝိုင်းမှာဆွေးနွေးတာဟာ အဆုံးအဖြတ်ပဲဖြစ်တယ်။ စားပွဲဝိုင်း မလာသေးတဲ့သူကို လာအောင်ခေါ်ရမယ်။ လာပြီးတဲ့သူကိုလည်း ပြန်မထွက်သွားအောင် ဆွေးနွေးဖို့ လိုတယ်။ အဲတာ‌တော့ လုပ်တတ်ဖို့လိုတာပေါ့လေ။ ခင်ဗျားတို့မှန်းတဲ့အတိုင်း‌တော့ ရွေ့ချင်မှ ရွေ့မယ်လေ။ နည်းနည်းတော့ ရွေ့သွားလိမ့်မယ်။ ယခင်ထက်တော့ တိုးတက်လာမယ်၊ ရွေ့သွားမယ်လို့ပြောလို့ရတယ်။

ခွန်ဥက္ကာ (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက)

ပြည်ထောင်စုသဘောတူစာချုပ်အပြီးအပိုင် ချုပ်ဆိုနိုင်အောင် ကျွန်တော်တို့ထပ်ကြိုးစားရမှာဖြစ်ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အပြီးအပိုင်ချုပ်ဆိုနိုင်အောင် ကြိုးစားတဲ့နေရာမှာ ဥပမာကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အပြည့်အဝရရှိစေရမယ်၊ တိုင်းရင်းသားတွေ တန်းတူညီမျှရရှိရမယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ အားလုံးရဲ့သဘောထား ပါဝင်ရမယ်စသည်ဖြင့် နိုင်ငံရေးအရ ကတိအဝတ်ကောင်းတွေ ထပ်ပေးနိုင်ရင်တော့ အဖွဲ့တိုင်းက လူမျိုးတိုင်း ပါဝင်စဉ်းစားလာမယ်လို့ ကျွန်တော်ယူဆပါတယ်။

ဒါကြောင့် တစ်ဆင့်ပြီးတစ်ဆင့်တော့ ရွေ့သွားအောင် လုပ်ရပါမယ်။ အခုလက်ရှိပုံစံအတိုင်းတော့ ဆက်နေလို့မရတော့ဘူး။ ကျွန်တော်တို့တိုင်းပြည်က တော်တော်နာနေပြီ။ တော်တော်ဒုက္ခရောက်နေပြီ။ လူအသေအပျောက်တွေလည်းများနေပြီ။ ဒီပဋိပက္ခကိုလျှော့ဖို့၊ ရပ်ဖို့က အရင်ဦးစားပေးရမှာဖြစ်တယ်။ ပြီးတော့မှ နိုင်ငံရေးသဘောတူညီချက်ကို ထပ်မံရယူပြီး တိုင်းပြည်ထူထောင်ရေး ဆက်ပြီးတော့ လုပ်ဆောင်သွားရမှာပေါ့ဗျာ။ NCA ရဲ့ လမ်းညွှန်ချက်အတိုင်းပေါ့နော် အဲဒီလိုတင်ပြချင်ပါတယ်။

ဦးညိုအုန်းမြင့်

ပထမဆုံးအချက်အနေနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရှိဘူးလို့ ပြောချင်ပါတယ်။ အခုလည်း ကျွန်တော်တို့ ပြည်သူအားလုံးမှာ ငြိမ်းချမ်းရေးမရှိတဲ့အတွက် စားဝတ်နေရေး၊ လူမှုရေး အစစအရာရာအပေါ် စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်။ သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်။ အဲ့ဒီမှာလည်း ကျွန်တော်တို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ရပါတယ်။ ဒီတိုင်းပြည်ရဲ့ အနေအထားမှာ ငြိမ်းချမ်းရေးမရှိရင် အခက်အခဲ ရှိပါတယ်။ နိုင်ငံရေး အချိုးအကွေ့တွေမှာ ဒီလိုပွဲမျိုး တွေ အရေးကြီးပါတယ်။ NCA စာချုပ်အရ ဆက်လက်ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေ ကမ်းလှမ်းထားတာ ရှိပါတယ်။ အဲ့ဒီကမ်းလှမ်းထားတဲ့အပေါ် မှာ အခက်အခဲလေးတွေ ရှိနိုင်ပါတယ်။ စိန်ခေါ်မှုကတော့ အမြဲတမ်းရှိနေနိုင်ပါတယ်။ ဒေသတွင်း အပြောင်းအလဲ၊ ကမ္ဘာ့အပြောင်းအလဲတွေပေါ်မှာအခြေခံပြီး အနာဂတ်ကတော့ ပိုကောင်းလာမယ်လို့မျှော်လင့်ပါတယ်။ အတိုက်အခံတွေကတော့ ပြောပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ကတာ့ ပါးပါးနပ်နပ်နဲ့ ထိထိရောက်ရောက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ NCA ပါဝင်ဖို့ကျန်သေးတဲ့ တိုင်းရင်းသားတွေအနေနဲ့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လိုပါမယ်။ တစ်ဖက်တည်းက ကမ်းလှမ်းလိုက်ရုံနဲ့တော့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အလုပ်သဘောအရ ယုံကြည်အောင်လုပ်ပြဖို့လည်း လိုပါတယ်။

ဦးရန်ကျော် (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းရပါမယ်။ နိုင်ငံရေးတည်ငြိမ်ဖို့ ပဋိပက္ခတွေ ကင်းရမယ်။ ငြိမ်းချမ်းရေးရှိနေရမယ်။ ငြိမ်းချမ်းရေးမရှိရင် ကျွန်တော်တို့နိုင်ငံမှမဟုတ်ဘူး ဘယ်နိုင်ငံမှမတည်ငြိမ်ဘူး။ မတည်ငြိမ်ရင် မဖွံ့ဖြိုးမတိုးတက်ဘူး။ ဒါ့ကြောင့် အခုအခမ်းအနားကို သိုက်သိုက်ဝန်းဝန်းကျင်းပပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်၊ ဂုဏ်လည်းဂုဏ်ယူတယ်၊ ကြိုလည်းကြိုဆိုပါတယ်။ ကျွန်တော်ကတော့ အစိုးရအဆက်ဆက် NCA အခမ်းအနားကို သုံးကြိမ်ဆက်တိုက် တက်ခဲ့သူလည်း ဖြစ်ပါတယ်။ ယေဘုယျပြောမယ်ဆိုရင် NCA စာချုပ်ကြီးကတော့ ပေါ်လာပြီ။ NCA စာချုပ်က ဘယ်လိုမှ ပျက်ပြယ်လို့မရတဲ့စာချုပ်လည်း ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကြီးမှာလည်း အတည်ပြုချက်ယူထားတဲ့ စာချုပ်ကြီး ဖြစ်ပါတယ်။ ရှေ့ဆက်ဆောင်ရွက်ဖို့ အပိုင်း ၂ ပိုင်းခွဲသင့်ပါတယ်။ ပထမပိုင်းကတော့ စည်းရုံးရေးလုပ်ငန်းတွေကို ဆက်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ စည်းရုံးရေးလုပ်ဆောင်တဲ့အခါမှာ EAOs လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စည်းရုံးရမှာဖြစ်သလို ဒေသနေပြည်သူတွေကိုလည်း စည်းရုံးရမှာဖြစ်ပါတယ်။ သူတို့ဘဝအခြေအနေတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရင်းကနေ ပြောင်းလဲရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဉုံဖွဆိုပြီး ချက်ချင်းရတာမဟုတ်ပါဘူးဆိုတာကို သဘောပေါက်နားလည်ဖို့ လိုပါတယ်။ NCA မှာ ပါဝင်ဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်အတွက်ကိုယ် မကြည့်ကြပါနဲ့။ လက်ဆင့်ကမ်းပေးရမယ့် မျိုးဆက်သစ်တွေအတွက်ကြည့်ပြီး ငြိမ်းချမ်းရေးအတွက် စုပေါင်းလုပ်ကြပါ။ ဒါ့ကြောင့်လာကြပါ၊ ဝိုင်းကြပါ၊ ဝန်းကြပါ၊ အတူတူ လုပ်ကိုင်ဆောင်ရွက်မှသာ အားလုံးလိုချင်နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့အရသာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တင် မဟုတ်ပါဘူး ပခုံးပြောင်းတာဝန်ယူမယ့် မျိုးဆက်သစ်လူငယ်တွေလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

ဦးလှမောင်ရွှေ

ကျွန်တော့်အမြင်ကတော့ ၂၀၁၁ ကစခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကောင်းခဲ့တာတွေ၊ ဆိုးခဲ့တာတွေလည်းရှိတယ်။ အခု (၈) နှစ်ပြည့်ယနေ့လုပ်တဲ့ပွဲကတော့ တော်တော်လည်း ခမ်းခမ်းနားနားလုပ်တယ်လို့လည်း နားလည်ပါတယ်။ အခုကတော့ ဒီနေ့ပွဲမှာက တာဝန်ရှိတဲ့ခေါင်းဆောင်တွေပြောတဲ့အပြင် EAO ခေါင်းဆောင်တွေလည်းပြောမယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အထူးကိုယ်စားလှယ်ပြောမယ်၊ အိန္ဒိယကလည်း Deputy National Security ပြောမယ်၊ ထိုင်းကတည်း ကိုယ်စားလှယ်တွေပြောမယ်၊ အခြားလည်း ပြောမယ့်သူတွေအများကြီးလို့ နားလည်ထားပါတယ်။ နှစ်နှစ်ခွဲအတွင်းမှာ ဆိုင်းငံ့ခဲ့တဲ့ NCA အကောင်အထည်ဖော်တဲ့ ကိစ္စရပ်တွေက တစ်ကျော့ပြန်ပြီးတော့ အားကောင်းမောင်းသန်ဖြစ်လာမလားဆိုပြီးတော့ မျှော်လင့်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထူးထူးခြားခြား Chatham House Rule နဲ့အတူ Workshop တစ်ခုလုပ်ဖို့ပြင်တာ တွေ့ရပါတယ်။ အဲဒီ Workshop မှာလည်း EAO ကတစ်စု၊ တပ်မတော်နဲ့ အစိုးရဘက်ကတစ်စု၊ နိုင်ငံရေးပါတီတစ်ခုနဲ့ ကျွန်တော်တို့လို အရပ်ဘက်က ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ Academic တွေ၊ ပညာရှင်တွေကိုလည်း သူတို့သီးခြားဖိတ်ပြီး ဆွေးနွေးတာရှိတယ်။ ဒီတခေါက် ဖြစ်နိုင်ချေဆိုတာကတော့ စောင့်ကြည့်ရမယ်။ ဒီနေ့ပြီးရင်တော့ ပိုပြီးတော့ ကောင်းတဲ့ဘက်ကို ချဉ်းကပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ကျွန်တော်တို့ လက်ရှိတာဝန်ရှိတဲ့ လူကြီးတွေအနေနဲ့လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သီးခြားတွေ့မယ်လို့ ကြားပါတယ်။ ဆိုလိုတာကတော့ နှစ်နှစ်ခွဲအပြီးမှာ အားသာချက်၊ အားနည်းချက်တွေ အများကြီးကြားထဲမှ တစ်ဆင့်ပြန်သွားလို့ရမလားဆိုတာ ကြည့်သင့်တယ်။ NCA ရဲ့ Main Theam ကတော့ နိုင်ငံရေးအခက်အခဲပြဿနာကို စားပွဲဝိုင်းမှာဖြေရှင်းဖို့ပါပဲ။ အဲ့ဒီအချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းချက်တွေ၊ အခြားမတူညီမှုတွေက တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားစေပါတယ်။ အထူးသဖြင့် ကျွန်တော့အနေနဲ့ (၁၂) နှစ်တာကာလကိုကြည့်ရင်တော့ ဒီနေ့ပွဲကစပြီးတော့ ‌အရွေ့တွေရှိနိုင်ဖို့ မျှော်လင့်ပါတယ်။

ကျွန်တော့်အမြင်ကတော့ အားလုံးမှာ အားသာချက်တွေ၊ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိကမ္ဘာကြီးရဲ့ ကမ္ဘာ့အခင်းအကျင်းတွေကို ပြန်ကြည့်ရင် ကျွန်တော်တို့အချင်းချင်းကြားထဲမှာ Dialogue ကနေတစ်ဆင့်သွားရမယ်လို့ ယုံကြည်တယ်၊ နားလည်ပါတယ်။ အခုချက်ချင်းမပြောနိုင်သေးရင်တောင်မှ စကားပြောတဲ့အဆင့်က ဖြတ်ကိုဖြတ်ရလိမ့်မယ်။ အခြားနည်းတော့ မစဉ်းစားမိပါဘူး။ ဆိုလိုတာကတော့ ဖြစ်လာတဲ့ကိစ္စရပ်တွေအားလုံးအပေါ်မှာ ယုံကြည်မှုတွေ အားနည်းခဲ့တယ်။ အဲဒီကနေပြဿနာတွေ သေချာပေါက်ရှိခဲ့တယ်။ အဲဒီပြဿနာတွေကို ပြောင်းနိုင်မလား၊ ဒီနေ့ဆိုရင် SAC ဥက္ကဋ္ဌ မိန့်ခွန်းပြောမယ်၊ EAO ကလည်း ငြိမ်းချမ်းရေးမှာ လက်မှတ်ထိုးခဲ့တဲ့ RCSS ပြောမယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အထူး ကိုယ်စားလှယ်ပြောမယ်၊ အိန္ဒိယကလည်း ပြောမယ်ဆိုရင် သူတို့ရဲ့ message တွေရယ်၊ တိုင်းရင်းသားတွေပြောတာတွေရယ် အကုန်လုံးကို ပြန်ပြီးတော့ သုံးသပ်ရင် တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း စဉ်းစားစရာတွေ ရကောင်းရပါလိမ့်မယ်။

ကျွန်တော်တို့ လက်ရှိနားလည်သလောက်တော့ SAC ဘက်က တိုင်းရင်းသားလက်နက်ကိုင် (၁၈) ဖွဲ့လုံးကို Dialogue Partner လို့သတ်မှတ်ပြီး ဖိတ်ထားတာ တွေ့ရပါတယ်။ (၁၈) ဖွဲ့မှာ လောလောဆယ် SAC မှာ ဆွေးနွေးနေတဲ့အဖွဲ့က (၁၀) ဖွဲ့ရှိတယ်။ ဒီကနေ့ပွဲတက်တဲ့ (၇) ဖွဲ့ကတော့ သူတို့အဖွဲ့အစည်းတွေအတိုင်းပဲ လာတက်တာတွေ့ရတယ်။ နောက်နှစ်ဖွဲ့ကတော့ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ မဟုတ်ဘဲနဲ့ NCA ကို ကြိုးစားခဲ့တဲ့လူတွေပါ။ ယနေ့ ပြောရရင်တော့ (၇) ဖွဲ့လုံးကတော့ အပြည့်အဝတက်ပြီးတော့ နှစ်ဖွဲ့ကတော့ အစိတ်အပိုင်းတစ်ခုကတော့ NCA ကို လိုလားပြီးတော့ ဆက်သွားချင်တဲ့သူတွေက လာတက်တယ်လို့ ပြောလို့ရပါတယ်။ လက်မှတ်ထိုးထားတဲ့ (၁၀) ဖွဲ့ထဲမှာ (၇) အပေါင်း (၂) ကတော့ တက်တယ်လို့ပြောလို့ရပါတယ်။

Source : www.moi.gov.mm

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button