
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ၂၁-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျဲန်းတို့ တက်ရောက်ကြသည်။
နှုတ်ခွန်းဆက်အမှာစကားများပြောကြား
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်ဆွေးနွေးမည့် အစီအစဉ်များကို ဦးစွာဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။
ဆက်လက်ကျင်းပသွားမည်
ယင်းနောက် NCA နှင့် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား အလေးအနက်ထား၍ ကျင်းပနိုင်ရေးဆောင်ရွက်မည့်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့်ပုဒ်မများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များအပေါ် RCSS မှ ဆွေးနွေးချက်များအား အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ စက်တင် ဘာ ၂၂ ရက်တွင် ဒုတိယနေ့ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့၌ မပြီးပြတ်သေးသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကာ နှစ်ဖက်သဘောထားများ ရယူသွားမည်ဖြစ်ကြောင်း သိရပါသည်။
Source : www.moi.gov.mm