
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ၂၂-၉-၂၀၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီး ကော်မတီဝင် စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျန်းတို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးသတ်သေးသည့်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် ၂ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းတို့က နိဂုံးချုပ်အမှာစကားမျာ ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရပါသည်။
Source : www.moi.gov.mm