
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၇)ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၇)ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တို့၏အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ ၂၈ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပ သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့်အထောက်အကူပြုအဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ NCA-S-EAO) အလွတ် သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS)၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် များ ဖြစ်ကြသည့် စောမြရာဇာလင်း(ALP)နှင့် နိုင်အောင်မငေး(NMSP)၊ အဖွဲ့ဝင်များဖြစ်ကြသည့် စောကျော်သန်းဌေး(DKBA)၊ စောကျော်ညွန့်(KNU/KNLA-PC)၊ ကျာဖူး(LDU)၊ ခွန်မင်းသိန်း (PNLO)နှင့် အထောက်အကူပြုကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ဆိုင်ရာကိစ္စနှင့် ဖက်ဒရယ်အခြေခံမူများ ကိစ္စတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးပွဲပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲဒုတိယနေ့ကို မတ် ၂၉တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Source: ၂၉-၃-၂၀၂၃ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ