
ငါန်းဇွန်မြို့နယ် အတွင်း လူစုလူဝေးမပြုလုပ်ရေး အသိပေး
ငါန်းဇွန် ၊ ၂၀၂၀ ၊ ဧပြီ ၁၆
COVID-19 ရောဂါသည် လူစုလူဝေးများမှတစ်ဆင့် ကူးစက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် လူစုလူဝေးများ မဖြစ်ပေါ်စေရန် တားဆီး ဆောင်ရွက်လျက်ရှိရာ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် လူစုလူဝေးဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်မှု မပြုစေရေးနှင့် ဓမ္မာရုံ ၊ ဘုန်းကြီးကျောင်းများတွင် ရွတ်ဖတ်ပူဇော်၍ အများကြားနိုင်အောင် အသံချဲ့စက်ဖြင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ လွှင့်ထုတ်ပေးခြင်း၊ ရပ်/ ကျေးရုံးများမှလည်း အသံသွင်းတိတ်ခွေများ ၊ CD များအသုံးပြု၍ အသံချဲ့စက်ဖြင့် လွှင့်ထုတ်ပေးခြင်း၊ ပြည်သူများမှလည်း မိမိအိမ်အတွင်းမှသာ တရားတော်များ နာယူခြင်းမျိုးသာ ဆောင်ရွက်စေရေး အထက်အဆင့်ဆင့်မှ ညွှန်ကြားလာမှုအပေါ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် ဂန္ထဝါစက္ကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဒေါက်တာနရပတိ နှင့် မြို့နယ်သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဥတ္တမ တို့ထံသို့ လွှတ်တော် ကိုယ်စားလှယ်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့မှ ၁၆-၄-၂၀၂၀ ရက်နေ့ ၀၇၃၀ အချိန်တွင် သွားရောက် လျှောက်ထားခဲ့ကြပြီး ရပ်ကွက်/ ကျေးရွာအုပ်စု များသို့လည်း အကြောင်းကြားထားရှိပြီး ဖြစ်ပါသည်။