အခြား/ဌာနဆိုင်ရာ

“စုပေါင်းအလှူတစ်ခု အစပြုရာ”

“စုပေါင်းအလှူတစ်ခု အစပြုရာ”
“လူတစ်ယောက်ဟာ စာဖတ်ဖို့ အချိန်မရှိဘူးသာ ပြောပေမယ့် ဆိုရှယ်မီဒီယာမှာ တင်တဲ့ ပို့စ်တစ်ခု အောက်က Comment ငါးရာကျော်လောက်ကို ဖတ်ဖို့နဲ့ ဝေဖန်ဖို့တော့ အချိန်ရှိပါတယ်တဲ့။ ဒါက ကျွန်တော် ဖတ်ဖူးတဲ့အထဲက တစ်ခုပါ။ ယနေ့အချိန်မှာ လူတိုင်းနီးနီး မိုဘိုင်းဖုန်း ရှိကြတဲ့အတွက် အွန်လိုင်းပေါ်မှာ၊ ဆိုရှယ်မီဒီယာတွေမှာ အချိန်အများစု ကုန်ဆုံးကြပါတယ်။ ဒီလို COVID-19 ကာလမှာ အွန်လိုင်းပေါ်ကနေ၊ ဆိုရှယ်မီဒီယာတွေကနေ ဆက်သွယ်ကြ၊ သတင်းတွေ ရယူကြတဲ့အခါမှာ ကောင်းတာတွေလည်း ရှိသလို ဆိုးတာတွေလည်း ရှိတာ သဘာဝပါပဲ။ ဒီအပေါ်မှာ အပြုသဘောဆောင်တဲ့ အကြံပြုတာမျိုးမဟုတ်ဘဲ အမုန်း ပွားစေတဲ့ အမြင်တွေနဲ့ ပို့စ်တွေ တင်ကြ၊ ထောက်ပြကြ၊ အပြစ်တင်ရှုံ့ချကြတာတွေလည်း ရှိပါတယ်။
ဒီလိုအမုန်းစကားတွေ၊ သွေးခွဲစကားတွေ၊ ပြစ်တင်ရှုုံချစကားတွေဟာ လူတွေကို ပိုမိုစိတ်ညစ်ညူး စေပါတယ်။ လူအချင်းချင်း ကိုယ်ချင်းစာတရားနဲ့ စာနာထောက်ထားမှုတွေ နည်းပါးလာစေပါတယ်။ ဆိုရှယ် မီဒီယာတွေကို အပြုသဘော ဆောင်တဲ့၊ အများကောင်းကျိုးအတွက် သုံးတာမျိုးရော သုံးလို့ မရနိုင်ဘူးလား??? ရပါတယ်။ အခု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနဲ့ စေတနာရှင်များရဲ့ စုပေါင်းအလှူဟာ သာဓက တစ်ခုပါပဲ” ဟု စုပေါင်းအလှူအတွက် တာဝန်ယူကောက်ခံပေးသူတစ်ဦးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဘုန်းမောင်က ပြောကြားသည်။
Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် သဒ္ဓါတရားပြည့်ဝစွာဖြင့် စုပေါင်းလှူဒါန်းနိုင်ရေးအတွက် “၂ လစာ လစာငွေကို ခြောက်လ ဆိုင်းငံ့ ကာလနဲ့ အတိုးမဲ့ရကြမယ့် ကျွန်တော်တို့ ဝန်ထမ်းတွေက ကိုဗစ်တိုက်ဖျက်ရေး အတွက် တစ်ဦး ၁၀၀ဝိ/ မှစလို့ တတ်အားသရွေ့ လှူဒါန်းကြစို့” ဟူ၍ Campaign Post တစ်ခုကို “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များနှင့် စိတ်တူကိုယ်တူ ဝန်ထမ်းများ” Facebook Groupတွင် တင်ခဲ့ပြီးနောက် ယင်း Post ကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မိသားစုဝင်များနှင့် စေတနာရှင် များမှ ကိုယ်ပိုင် account များတွင် ထပ်ဆင့်မျှဝေခဲ့ကြရာမှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ အခြား ဝန်ထမ်း များနှင့် စေတနာရှင်များက စေတနာသဒ္ဓါတရားထက်သန်စွာ တတ်နိုင်သမျှ ဝိုင်းဝန်းထည့်ဝင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအနက် ကုသရေးလုပ်ငန်းစဉ်မှ လွဲ၍ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်အားလုံးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများ၏ လုပ်အားခဖြင့်လည်း ယခုကဲ့သို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် စုပေါင်းအလှူငွေ ကျပ် (၂၅၀) သိန်းကို လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်။
Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close