Shown on Home Sliderသတင်းများပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၂၆ ရက်၊နေ့လယ် ၁၄၀၀ နာရီတွင် ရန်ကုန်မြို့ရှိ Wynd-ham Grand Yangon Hotel ၏ Grand Ballroom ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စီစဉ်ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် လမ်းများနှင့် ဆက်သွယ်မှုများ တည်ဆောက်ရေးအတွက်သာမဟုတ်ဘဲ အရည်အသွေးပြည့်ဝမှု၊ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးမှုမျှဝေခြင်းတို့၏ ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း၏ မဟာဗျူဟာမြောက် ရည်ရွယ်ချက်မှာ မတူကွဲပြားသော နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့်ယုံကြည်မှုတို့ကို မြှင့်တင်ရန်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွက် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်စဉ်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ရှိပါကြောင်း၊ နှစ်နိုင်ငံအစိုးရများ (G to G) အကြား အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိခြင်း၊  စီးပွားရေးအသိုင်းအဝိုင်း (B to B)နှင့် နှစ်နိုင်ငံ ပြည်သူများ (P to P)အကြား ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းတို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ များစွာတိုးတက်ခဲ့ပါကြောင်း။

သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုမှာမြန်မာနိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအလားအလာများ ဖြစ်မြောက်အကောင် အထည်ဖော်ရေးအတွက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖြစ်ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့ကို လွှမ်းခြုံထားသည့် ကမ်းရိုးတန်းရှိနေသည့် မြန်မာနိုင်ငံသည် တရုတ် – မြန်မာစီးပွားရေး စင်္ကြံလမ်း (CMEC) မှတစ်ဆင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ ရေကြောင်းအခြေပြုစီမံကိန်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ပင်လယ်ရေကြောင်းလမ်းများအား ပိုမိုကောင်းမွန်ရေး အတွက် ဆောင်ရွက်ခြင်းသည် ကုန်စည်ပို့ဆောင်မှုတွင် မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာရုံသာမက ကုန်သွယ်မှုလုပ်ငန်းများကိုချဲ့ထွင်ရန်၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ပိုမိုအားကောင်း လာစေရန်နှင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်စေမည်ဖြစ်ပါကြောင်း။

ထို့အပြင် ဆိပ်ကမ်းများနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးတို့ကို သိသိသာသာ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ လေကြောင်းဆက်သွယ်မှုများ တိုးမြှင့်ခြင်းသည် နိုင်ငံသားအချင်းချင်း အပြန်အလှန်နှီးနှောဖလှယ်မှု၊  ယဉ်ကျေးမှုဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းယဉ်ကျေးမှုဖလှယ်ခြင်းကိုလည်း  တိုးပွားလာစေမည်ဖြစ်ပါကြောင်း။

လက်ရှိရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် မူဆယ်-မန္တလေးအမြန်ရထားလမ်းနှင့် မန္တလေး – ကျောက်ဖြူအမြန်ရထားလမ်းသစ်များ ဖောက်လုပ်ခြင်းသည် ပြည်တွင်းကုန်စည် သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည်ကို တိုးမြင့်စေပြီးကုန်ကျစရိတ်ကို လျှော့ချနိုင်ကာ ပြည်တွင်းစက်မှုလုပ်ငန်းများ၏  ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု (BRI) လုပ်ငန်းစဉ်များတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိသော မည်သည့်စီမံကိန်းများကိုမဆို မြန်မာနိုင်ငံက အကောင်အထည်ဖော်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button