သတင်းများပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့တက်ရောက်

နိုင်ငံတကာဆက်ဆံရေးတွင် အချုပ်အခြာအာဏာကိုလေးစားရေး၊ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရေးနှင့် နိုင်ငံအချင်းချင်းအပြန်အလှန် လေးစားရေဆိုင်ရာ အခြေခံမူများကို မြန်မာနိုင်ငံက ကတိကဝတ်ပြုထားသည်ကို ထပ်လောင်းအတည်ပြု

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘယ်လာရုစ်နိုင်ငံ Minsk မြို့၌ “Eurasian Security: Reality and Prospects in a Transforming World” ခေါင်းစဉ်ဖြင့်အပြည်ပြည်ဆိုင်ရာအဆင့်မြင့်ညီလာခံကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ဘယ်လာရုစ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ကာဇက်စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတို့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ၊မင့်စ်မြို့အခြေစိုက်သံရုံး ၃၄ ရုံးမှ သံရုံးအကြီးအကဲများ နှင့် UN, CSTO, SCO, EEC, CIS,EAEU, ICRC  စသည့် နိုင်ငံတကာ အဖွဲ့အစည်း (၇) ခုမှ ကိုယ်စားလှယ် များပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဘယ်လာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko ကညီလာခံတက်ရောက်လာသူများနှင့် ဧည့်သည်တော်များအား နှုတ်ခွန်းဆက်သဝဏ်လွှာပေးပို့ခဲ့ရာ လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံတိုင်းရှိ စိတ်ကောင်းစေတနာကောင်းရှိသောပြည်သူများက တားဆီကာကွယ်ခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း၊ တည်ငြိမ်ပြီးရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အာမခံချက်များအား ငြိမ်းချမ်းရေး နည်းလမ်းဖြင့်ထိန်းသိမ်းရန်၊ ပေါ်ပေါက်လာသော သဘောထားကွဲလွဲမှုများကို သံတမန်နည်းလမ်းများဖြင့်ဖြေရှင်းရန်၊ထိပ်တိုက်ရင်ဆိုင်မှုများ၊ ရန်လိုမှုနှင့် မုန်းတီးမှုအဆင့်ကို လျှော့ချရန်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ကြောင်း အလေးထား ဖော်ပြခဲ့ပါသည်။

          အပြန်အလှန်ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များ အဓိကဆွေးနွေးခဲ့
ညီလာခံတက်ရောက်သူများသည် ယူရေးရှားဒေသလုံခြုံရေးအတွက် တစ်ကမ္ဘာလုံးနှင့်ဒေသတွင်း ပထဝီနိုင်ငံရေးဆိုင်ရာလိုအပ်ချက်များ၊ ယူရေးရှားဒေသအတွင်းရှိ နိုင်ငံများနှင့်ဒေသတွင်း အဖွဲ့အစည်း များအကြား အပြန်အလှန်ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များကိုအဓိကဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်တွင် အကောင်းဆုံး ကမ္ဘာ့လုံခြုံရေးဆိုင်ရာဗိသုကာပုံစံအသစ်သည် နိုင်ငံစုံဝါဒအပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လေးနက်စွာ ကတိကဝတ်ပြုထားကြောင်း၊ ယနေ့ခေတ်နိုင်ငံတကာဆက်ဆံရေးသည် အသွင်ကူးပြောင်းရေး ဆီသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေသဖြင့်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသည်အလွန်အရေးပါလာကြောင်း၊ ကမ္ဘာပေါ်တွင် ပဋိပက္ခများ ပိုမိုနက်ရှိုင်းလာသည်ကို ဝမ်းနည်းစွာသတိပြုမိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများကို ဖြေရှင်းရာတွင် SCO နှင့်CSTO တို့၏ ကြီးမားသော အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊နိုင်ငံတကာဆက်ဆံရေးတွင် အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရေးနှင့် နိုင်ငံအချင်းချင်း အပြန်အလှန်လေးစားရေး ဆိုင်ရာအခြေခံမူများကိုမြန်မာနိုင်ငံက ကတိကဝတ်ပြုထားသည်ကို ထပ်လောင်း အတည်ပြုပါကြောင်း၊ပိုမိုလုံခြုံ၍သာယာဝပြောပြီး သဟဇာတဖြစ်သော ယူရေးရှာဒေသကို ဖော်ဆောင်ရန် အတွက်ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်းနှင့်ကျယ်ပြောလှပြီး မတူကွဲပြားမှုများပြားသော ယူရေးရှားဒေသရှိ ပြည်သူများငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုကို ခံစားနိုင်မည့်အနာဂတ်ကို အတူတကွ ပုံဖော်ကြရန်တိုက်တွန်းကြောင်း အလေးထား ပြောကြားခဲ့ပါသည်။ယခု ညီလာခံအား ကျင်းပရန် အဆိုပြုချက်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် Yerevan ၌ကျင်းပခဲ့သည့် CSTO ထိပ်သီးအစည်းအဝေးတွင် ဘယ်လာရုစ်နိုင်ငံသမ္မတ AlexanderLukashenko က စတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဘယ်လာရုစ်နိုင်ငံသည်” စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်ဆောင်ရွက်မှု မှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်” ဟူသောဆောင်ပုဒ်ဖြင့် CSTO အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းက မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်ကာ ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများ၊ ဘယ်လာရုစ်နိုင်ငံ၌ရောက်ရှိ ပညာသင်ကြားလျက်ရှိသည့် သင်တန်းသား ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍အားပေးစကား ပြောကြား ခဲ့ပါသည်။

          လိုက်လံရှင်းလင်းပြသခဲ့

အောက်တိုဘာလ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိအမျိုးသားစာကြည့်တိုက် (National Library of Belarus) သို့ သွားရောက်လေ့လာခဲ့ကြပြီး၊ထိုမှတစ်ဆင့် Belarus State Museum of the History of the Great Patriotic Warစစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများကလိုက်လံရှင်းပြသခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်အောက်တိုဘာလ ၂၇ ရက်နေ့ ဘယ်လာရုစ် ဒေသစံတော်ချိန် ၂၁၃၀ နာရီတွင် မင့်စ်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လာထွက်ခွာခဲ့ပြီး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း တွင် ပြန်လည်ရောက်ရှိလာခဲ့ရာပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ ကြကြောင်းသတင်းရရှိပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button