GAD ပြုပြင်ပြောင်းလဲရေးဆိုင်ရာ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတာနဲ့စပ်လျဉ်း၍ အကျဉ်းချုပ် တင်ပြချက်

ဒီနေ့တော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတာနဲ့စပ်လျဉ်းပြီးတော့ အကျဉ်းချုပ် တင်ပြချင်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ၂၈ – ၁၂ – ၂၀၁၈ ရက်နေ့မှာ စတင်ပြောင်းရွှေ့ခဲ့ပြီး ကောင်းမွန်တိုးတက်တဲ့ အရွေ့ဖြစ်စေဖို့ အသွင်သဏ္ဍာန် ပြုပြင်ပြောင်းလဲ ရေးနဲ့ အနှစ်သာရပြုပြင်ပြောင်းလဲရေးတို့ကို အချိန်ကာလသတ်မှတ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲ ရေးနဲ့သက်ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့ပြီးနောက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အချိန် မူဘောင်တွေ သတ်မှတ်ပါတယ်။ အဲ့ဒီနောက်မှာတော့ “အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင် ( ၂၀၁၉ ) ” ကို ရေးဆွဲနိုင်ခဲ့ပြီး စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေး မူဘောင်ရဲ့ မဟာဗျူဟာရည်မှန်းချက်ကတော့ “ ပြည်သူနှင့်အတူ ” ဆိုတဲ့အတိုင်း စံနမူနာပြ ပြုပြင်ပြောင်းလဲနိုင်ဖို့ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ထင်သာမြင်သာရှိတဲ့ ပြောင်းလဲမှုမျိုးကို ပြနိုင်တာမျိုးရှိသလို ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးရာမှာ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်ရတာ တွေရှိတာကိုလည်း သိစေချင်ပါတယ်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း ဟောင်းများအသင်းမှ အဖွဲ့ဝင်များပါဝင်တဲ့ ဥပဒေပြဋ္ဌာန်းသတ်မှတ်ချက်ဆိုင်ရာ ဆန်းစစ်သုံးသပ်ရေးအဖွဲ့ ( Regulatory Review Unit – RRU )၊ အုပ်ချုပ်စီမံပြုပြင်ပြောင်းလဲရေးအဖွဲ့ (Managerial Reform Unit –MRU) ဖွဲ့စည်းပြီး ကွင်းဆင်းလေ့လာမှုနဲ့ အကြံပြုချက်တွေအရ အကောင် အထည်ဖော်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ မတ်လကနေစပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်တွေကို တွန်းတွန်းတိုက်တိုက် ဦးစားပေး ဆောင်ရွက်နေရတဲ့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်မှု အားနည်းသွားခဲ့ပါတယ်။ဒါပေမယ့် ရောဂါကာကွယ်ထိန်းချုပ်ရေးမှာတော့ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ လေ့လာ ဆန်းစစ်ချက် လုပ်ငန်းစဉ်တစ်ခုကို အကဲဖြတ် စိစစ်ရေးအဖွဲ့ တစ်ခုဖွဲ့စည်းပြီး COVID-19 ရောဂါတုံ့ပြန်ရေး လုပ်ငန်းစဉ်များနဲ့ ပြုပြင်ပြောင်းလဲရေးမူဘောင်တို့အကြား ဆက်စပ်မှုအခြေအနေ၊ ပြုပြင်ပြောင်းလဲရေး မူဘောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေ တို့ကို လေ့လာဆန်းစစ်လျက်ရှိပါတယ်။
ဒီလိုလေ့လာဆန်းစစ်မှု ရလာဒ်တွေအပေါ်မှာ အခြေခံပြီး နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပြည်သူတွေအတွက် ထိရောက်တဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေ ပေးနိုင်ဖို့၊ မြေပြင်အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်ပြီး လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေဖော်ဆောင်နိုင်ဖို့ ဆက်လက် ကြိုးပမ်း သွားမှာဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

Show More

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close