သတင်းများပြည်ထောင်စုဝန်ကြီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ရန်ကုန် မေ ၂၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ မေ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မေ ၂၆ ရက် ဒေသစံတော်ချိန် (၀၈:၁၅) နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့လေဆိပ်မှထွက်ခွာလာခဲ့ရာ မေ ၂၇ ရက် မြန်မာ စံတော်ချိန် (၁၁:၃၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၃ ရက် ညပိုင်း‌ဒေသစံတော်ချိန် (၁၉:၀၀) နာရီတွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် လက်နက်ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေးအပါအဝင် မဟာဗျူဟာမြောက်တည်ငြိမ်အေးချမ်းရေးနှင့် အာရှ-ပစိဖိတ်ဒေသတွင်းလုံခြုံရေးအပေါ် ၎င်း၏သက်ရောက်မှု၊ ဒေသတွင်းအင်အား ကြီးနိုင်ငံများအကြားတင်းမာမှုများ မြင့်တက်လာချိန်တွင် အာရှ- ပစိဖိတ်ဒေသ၏ နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေနှင့် သတင်းအချက်အလက်ဖလှယ်နိုင်မှု တိုးတက်လာစေရေးအတွက် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်နိုင်မည့်အလားအလာများကို ဖော်ထုတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မေ ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် တက်ရောက်လာသည့် နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များသည် နိုင်ငံတကာမျက်နှာစာတွင် ယေဘုယျဖြစ်ပေါ်နေမှုများ၊ အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနေ့နေ့လယ်ပိုင်း ဒေသစံတော်ချိန် (၁၄:၃၀) နာရီ၌ ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ထိုင်းနိုင်ငံလုံခြုံရေးကောင်စီ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ရူချာကွန်နာပါပွန်ပီပတ် (Mr. Ruchakorn Napapornpipat)နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် (၁၆:၅၀)နာရီတွင် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာနီကိုလိုင်ပက်ထရူ ရှပ်ဗ်(H.E.Mr. Nikolay Patrushev)နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် (၁၇:၃၀)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် မစ္စတာ ချန်ဝမ်ကျင်း ( H.E. Mr. Chen Wenqing -Member of the Political Bureau of the CPC Central Committee ၊ Secre-tary of the Central Secretariat and Secretary of the Central Political and Legal Committee) နှင့်လည်းကောင်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ (Bilateral Meeting) ပြုလုပ်ခဲ့ပြီး မြန်မာ- ထိုင်း၊ မြန်မာ- ရုရှား၊ မြန်မာ- တရုတ်နိုင်ငံများအကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းမျှဝေ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nik-olay Patrushev က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံပေါင်း ၁၀၃ နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်းခြောက်ခုတို့မှ တက်ရောက်လာကြသည့် ကိုယ်စားလှယ် ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆုမွန်တောင်း စကားပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မေ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယင်းနေ့နံနက်ပိုင်းတွင် ဒေသစံတော်ချိန်(၀၈:၃၀) နာရီတွင် အိန္ဒိယသမ္မတနိုင်ငံ ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် အိန္ဒိယနိုင်ငံ၏ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာ ရာဂျင်ဒါ ခန်နား (H.E. Mr. Rajinder Khanna)နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ (Bilateral Meeting) ပြုလုပ်ခဲ့ပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်း‌ရေးနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်း မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းနောက် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ဒေသစံတော်ချိန်(၁၀:၀၀)နာရီတွင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံမှုအပေါ် သက်ရောက်နေသည့် အရေးယူပိတ်ဆို့မှုများ၊ ကမ္ဘာ့ဈေးကွက်အခြေအနေများ၊ လွတ်လပ်စွာကုန်သွယ်မှုနှင့် အင်အားကြီးနိုင်ငံများ၏ အုပ်စုဖွဲ့ခြယ်လှယ်မှုအား တားဆီးရန်လိုအပ်မှုအခြေအနေများနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ပြီး အဆိုပါအခြေအနေများအပေါ် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကိုဖြေရှင်းရာတွင် မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ အင်ဒို- ပစိဖိတ်ဒေသတွင် အရေးပါသောနေရာမှ ပါဝင်လျက်ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာရှိသော နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးဟူသော  အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပေးလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာလုံခြုံရေးတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံအားလုံးနှင့်အတူ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်သည် မေ ၂၅ ရက် ဒေသစံတော်ချိန်(၁၀:၀၀)နာရီတွင် ရုရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး H.E. Mr. I.N.Zubov နှင့် တွေ့ဆုံခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်း၌ကျင်းပပြုလုပ်သော စားပွဲဝိုင်းဆွေးနွေးပွဲများတွင် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ဆန့်ကျင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ မြန်မာကိုယ်စားလှယ်အဖွဲ့မှ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပြီးမြောက်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Source : www.moi.gov.mm

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button