
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့သည် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့နှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်နှင့် ငြိမ်းချမ်းရေးရှေ့ လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့မှ တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများ၊ ဆက်လက်လုပ်ဆောင်သင့်သည့် အကြံပြုချက်များ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။
ဆွေးနွေးချက်များအပေါ် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့သည်။
ဆက်လက်၍ ညှိနှိုင်းရေး ကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ တစ်ဖွဲ့ချင်းစီကိုလည်းကောင်း၊ NDAA မိုင်းလား အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များကိုလည်းကောင်း သီးခြားစီ တွေ့ဆုံပြီး လက်နက်ကိုင် ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ဆက်လက်ဆောင်ရွက်ကြမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌက တက်ရောက်လာကြသူများအား တပ်မတော်ထုတ် စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့ထုတ်၊ မြန်မ့ာအလင်းသတင်းစာ)