နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို (၂၅-၅-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် မွန်ပြည်သစ်ပါတီ (NMSP)မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ကြသည်။
ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက် ဆွေးနွေးရန်ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍ လည်းကောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ လေ့လာ ဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကိုလည်းကောင်း ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြပြီး NMSP အဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ယင်းနောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းနောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများပြောကြားကြပြီး ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ဝေသည့် (၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြအခမ်းအနားစာအုပ်၊ မှတ်တမ်းစာအုပ်များ၊ ခေတ်နှင့်အညီ ပြန်လည်ပြုစုထားသည့် မြန်မာ့စွယ်စုံကျမ်း(အတွဲ-၁)တို့နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: www.moi.gov.mm