
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ
နေပြည်တော် အောက်တိုဘာ ၉
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီ (၁၈) ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီများကိုယ်စား ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေတို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။
ထို့နောက် ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံရေးပါတီများကိုယ်စား လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြကာ တွေ့ဆုံပွဲကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
Source : https://myanmar.gov.mm