နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တစ်ဖွဲ့ချင်း သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး စတုတ္ထနေ့ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
နေပြည်တော် ဩဂုတ် ၂၆
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း ယနေ့နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန ဧည့်ခန်းမ၌ တစ်ဖွဲ့ချင်း သီးခြားစီ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ စတုတ္ထနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြ တို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ၄ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်၊ တပ်ပေါင်းစုနိုင်ငံရေးစာအုပ်၊ MRTV DTH Receiver ၊ ၂ ပေစလောင်းနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
Source: www.moi.gov.mm