နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဒုတိယဥက္ကဋ္ဌ (၂)တို့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ စတုတ္ထနေ့တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့နှင့် ၃၀-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ စတုတ္ထနေ့ အဖြစ် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ ဆွေးနွေးရာတွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လည်းကောင်း၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုလည်းကောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့ကိုလည်းကောင်း တစ်ဖွဲ့ချင်းသီးခြားစီလက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်‌ဆောင်မှုဗဟိုဌာန၌  စတုတ္ထနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်‌ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဗိုလ်မှူးကြီးဝဏ္ဏအောင်နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ဒုတိယဥက္ကဋ္ဌဦးလော့ယာကု၊ နိုင်ငံရေးဌာနကြီးမှူး၊ ဦးအိုက်နပ်လိုင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ( SSPP)၊ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်းရေးမှူး(၂)စဝ်စိုင်းဆု တို့ တက် ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ၄ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံ ဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနောက်“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌဦးလော့ယာကုက တက်ရောက် လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား နိဂုံးချုပ်စကားပြောကြားသည်။ ဆက်လက်၍ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ပြန်ကြား‌ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအကျိုးသယ်ပိုး ဆောင်ရွက်ချက်မှတ်တမ်းစာအုပ်နှင့် စာအုပ်စာစောင်များ၊ MRTV DTH Receiver၊ နှစ်ပေစလောင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Source: ၁-၁၀-၂၀၂၂ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

Exit mobile version