ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များသတင်းများ

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌတို့ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တတိယနေ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၅

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ တတိယနေ့ကို (၂၅-၈-၂၀၂၂)ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ အထွေထွေ အတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခိုင်စိုးမြတို့ တက်ရောက်ကြသည်။

ရှင်းလင်းတင်ပြ

တတိယနေ့ဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ပါ သဘောတူညီချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာ စိစစ်ချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းတို့နှင့်ပတ်သက်၍ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက် ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၂)ကို ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကာ သဘောထား စုစည်းချက်များ ရယူပြီး တွေ့ဆုံဆွေးနွေးပွဲ တတိယနေ့ကို ရပ်နားခဲ့သည်။ စတုတ္ထနေ့ဆွေးနွေးပွဲကို ဩဂုတ် ၂၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Source: www.moi.gov.mm

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button