
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့ တစ်ဖွဲ့ချင်းသီးခြားစီတွေ့ဆုံဆွေးနွေးပြီး တတိယနေ့တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌခွန်ထွန်းတင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌကျာဖူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ရေးချုပ်အဆင့်ရှိစောစိန်ဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း ၂၈-၆-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနဧည့်ခန်းမ၌တစ်ဖွဲ့ချင်းသီးခြားစီ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တစ်ဖွဲ့ချင်းစီ၏တင်ပြချက်များ၊ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုး ထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PCI LDU ၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တတိယနေ့ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌစောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသောကမ္ဘာရေးရာ၊ မြန်မာရေးရာ၊ တိုင်းရင်းသားရေးရာ စာအုပ်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Source : www.moi.gov.mm