
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ၅-၇-၂၀၂၃ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသည့် မွန်ပြည်သစ် ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်အဖွဲ့အား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပ
ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် နိုင်ဗညားလယ်နှင့် နိုင်အောင် မငေးတို့ တက်ရောက်ကြသည်။
နှုတ်ခွန်းဆက်အမှာစကားပြောကြား
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။
ထို့နောက် ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များကိုစုစည်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စနှင့် မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုကော်မတီ၏ သဘောထားများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားလိုက်သည်။ ဆွေးနွေးပွဲဒုတိယနေ့ကို ဇူလိုင် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source : www.moi.gov.mm