ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များသတင်းများ

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO) တို့၏ ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO) တို့၏ ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ၃၀-၈-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ စောဘညိမ်းအောင်တို့ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပဋိပက္ခဒဏ်ခံစားနေရသောဒေသများရှိ တိုက်ပွဲရှောင်နှင့် ဒေသခံပြည်သူလူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် NCA လက်မှတ်ရေးထိုးထားသော သက်ဆိုင်ရာနယ်မြေများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် EAO များ ကိုယ်တိုင်လက်တွေ့ကျကျ ပါဝင်လုပ်ဆောင်နိုင်ရေးကိစ္စ၊ နိုင်ငံရေးနယ်ပယ်တွင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကို မြှင့်တင်ရေးကိစ္စနှင့် NCA (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏သဘောထားများကို အပြန်အလှန်ပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှိုင်း၍ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့သည်။

တတိယနေ့ ဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့်သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

Source : www.moi.gov.mm

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button