နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆောင်းဟန်၊ စဝ်အုမ်ခေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့၌ မပြီးပြတ်သေးသည့် ဆက်လက်ဆွေးနွေးရန် ကိစ္စများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များ၊ RCSS မှ အဆိုပြုသည့် ရှမ်းပြည်နယ် ဆိုင်ရာအခြေခံမူဝါဒ (၃၃)ချက်နှင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များကို နှစ်ဖက်အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများကို မိမိတို့၏ သဘောထားအမြင်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် နှစ်ဖက် ဆွေးနွေးချက်များအရ သဘောတူညီချက်များရယူနိုင်ရန် မူကြမ်းများကိုဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့သည်။

တတိယနေ့ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့်သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း သိရသည်။

Source: Myanmar National Portal

Exit mobile version