သတင်းများ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များ

ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးဟူသည့် မျှော်မှန်းချက်နှင့်အညီ တရား ဥပဒေ စိုးမိုး ရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးနှင့် ပြည်သူဗဟိုပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးဟူသော ရည်မှန်းချက် တာဝန် (၄) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ကို စီမံရေးရာဌာန၊ အထွေထွေဌာန၊ မြေယာဌာန၊ ယစ်မျိုးနှင့်အခွန်ဌာန၊ လေ့ကျင့်ရေးနှင့် သုတေ သနဌာန၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၊ နိုင်ငံတကာရေးရာဌာနစသည့် ဌာန ခုနစ်ခုနှင့် အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း တစ်ကျောင်းတို့ဖြင့် ဖွဲ့စည်းထားရှိသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ အဓိကကျသည့် အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရေးတွင် ပြုပြင် ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို စံနမူနာပြ ဆောင်ရွက်ပေးရန်၊ ကိုယ်ကျိုးစီးပွားနှင့် အဂတိကင်းစင်အောင် စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရန်တို့ကို ပြည်သူ နှင့် တစ်သားတည်းရပ်တည်ပြီး ဥပဒေ စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် တာဝန်ရှိသူများကို တွေ့ဆုံ မေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည် –

ဦးတင်မြင့် (ဒုတိယဝန်ကြီး၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)
နိုင်ငံတော်အစိုးရရဲ့ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း နိုင်ငံတော်အတွင်း လယ်ယာ မြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုတွေ ကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေဖို့အတွက် မြေသိမ်းဆည်းမှုပြဿနာတွေကို လျင်လျင် မြန်မြန် ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ် မေလ ၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၆)ဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၂၁/ ၂၀၁၉)နဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။
ပြင်ဆင်ဖွဲ့စည်းခဲ့မှုအရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက အတွင်းရေး မှူးအဖြစ် ပါဝင်ဖွဲ့စည်းထားရှိပြီး ကော်မတီရဲ့ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်တွေကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
မြေစစ်ဗဟိုကော်မတီအနေနဲ့ မြေ သိမ်းဆည်းမှုကိစ္စရပ်တွေ ဖြေရှင်းဆောင်ရွက် ရာမှာ အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်က သိမ်းဆည်းတဲ့လယ်ယာ မြေနဲ့ အခြား မြေတွေကို မူလမြေပိုင်ရှင်တွေက ပြန်လည်လျှောက်ထားတဲ့ကိစ္စရပ်နဲ့ စပ်လျဉ်း တဲ့ မူဝါဒ ၁၀ ရပ်၊ တပ်မြေသိမ်းဆည်းမှု နဲ့စပ်လျဉ်းတဲ့ မူဝါဒ ၃ ရပ်၊ သိမ်းဆည်းမြေ တွေကို ပြန်လည် ပေးအပ်ဖို့လျှောက်ထား လာခြင်းတွေနဲ့ စပ်လျဉ်းတဲ့ စိစစ်ဖို့အချက် ၄ ချက်နဲ့ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့ပြင် စွန့်လွှတ်နိုင်ခြင်းမရှိတဲ့ သိမ်းဆည်း မြေတွေနဲ့စပ်လျဉ်းတဲ့ စိစစ်ရန်အချက် ၅ ချက်၊ သိမ်းဆည်းထားတဲ့ဌာနမှ စွန့်လွှတ်တဲ့ သိမ်းဆည်းမြေတွေနဲ့စပ်လျဉ်းတဲ့ စိစစ်ရန် အချက် (၆) ချက်၊ စွန့်လွှတ်တဲ့မြေတွေ သက်ဆိုင်သူလက်ဝယ် အမြန်ရောက်ရှိရေး လုပ်ငန်းစဉ် (၉) ရပ်၊ နေပြည်တော်၊ တိုင်း ဒေသကြီး/ ပြည်နယ်ကော်မတီတွေက အလေး ထားဆောင်ရွက်ဖို့ အချက် (၁၅) ချက်စတဲ့ မူဝါဒ၊ လုပ်ငန်းစဉ် (၅၂) ချက်နဲ့အညီ စိစစ် ဆောင်ရွက်လျက်ရှိပါတယ်။
မြေစစ်ဗဟိုကော်မတီအနေနဲ့ ပြည်ထောင်စု လွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုတွေကြောင့် ပြည်သူ တွေ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း(၁)မှ (၁၈)အထိ တိုင်ကြားစာတွေနဲ့စပ်လျဉ်းပြီး အရင်က မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီ လက်ထက် ကျန်ရှိနေတဲ့ တိုင်ကြားစာ အမှုတွဲ ပေါင်း ၄၀၇၂ တွဲအနက် အမှုတွဲပေါင်း ၃၈၄၂ တွဲကို စိစစ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျန်အမှုတွဲ ၂၃ဝ ကို ဆက်လက် စိစစ်ဆဲဖြစ်တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၃၅ ရာခိုင်နှုန်း စိစစ်ဖြေရှင်းပြီး ဖြစ်ပါတယ်။
မြေစစ်ဗဟိုကော်မတီကို လိပ်မူ တိုင်ကြားလာတဲ့ တိုင်ကြားစာအမှုတွဲပေါင်း ၈၂၉၃ တွဲကို နေပြည်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီတွေကို ပေးပို့စိစစ်စေခဲ့ ပါတယ်။ မတ်လ ၁၃ ရက်အထိ အမှုတွဲ ၄၄၂၃ တွဲကို စိစစ်ဖြေရှင်းနိုင်ခဲ့ပြီး ကျန်အမှုတွဲ ၃၈၇ဝ ကို ဆက်လက်စိစစ်ဆဲဖြစ်တဲ့အတွက် ရာခိုင် နှုန်းအားဖြင့် ၅၃ ရာခိုင်နှုန်း စိစစ်ဖြေရှင်းပြီး ဖြစ်ပါတယ်။
စိစစ်ဆောင်ရွက်ဆဲအမှုတွဲတွေကို အမြန် ဆုံး ပြီးပြတ်အောင် စိစစ်ဆောင်ရွက်သွားဖို့ နေပြည်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီတွေကို အကြောင်းကြားထားရှိပြီး ဖြစ်ပါတယ်။
ယခုအစိုးရလက်ထက်မှာ ပြည်ထောင်စု လွှတ်တော်၊ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုတွေကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် ရဲ့ အစီရင်ခံစာအပိုင်း(၁)မှ (၁၈)အထိ စွန့်လွှတ်မြေတွေနဲ့စပ်လျဉ်းတဲ့ ယခင်မြေ အသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီ လက်ထက် လွှဲပြောင်းရန် ကျန်စိစစ်ဆဲမြေ ၁၈၆၈၈ ဧကအနက် စိုက်ပျိုးမြေ ၈၆၅၈ ဧကနဲ့ အခြားမြေ ၈၂၀၉ ဧကရှိခဲ့ပါတယ်။

ယခုမြေစစ်ဗဟိုကော်မတီလက်ထက်တွင် စိုက်ပျိုးမြေ ၂၃၂၃၂ ဧက၊ အခြားမြေဧက ၆၉၄၇၀ စုစုပေါင်း ၉၂၇၀၂ ဧကကို လွှဲပြောင်း ပေးနိုင်ခဲ့တဲ့အတွက် ယခုအစိုးရလက်ထက်မှာ စိုက်ပျိုးမြေဧက ၃၁၈၉၀ နဲ့ အခြားမြေ ၇၇၆၇၉ ဧက စုစုပေါင်း ၁၀၉၅၆၉ ဧကကို လွှဲပြောင်း ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ကော်မတီ (၂)ရပ်ပေါင်း စိုက်ပျိုး မြေ ၂၆၃၃၀၉ ဧကနဲ့ အခြားမြေ ၂၅၂၉၇၉ ဧက စုစုပေါင်း ၅၁၆၂၈၈ ဧက လွှဲပြောင်းပေး နိုင်ခဲ့ပြီး လွှဲပြောင်းဖို့ကျန်ရှိတဲ့မြေ ၁၁၄၇၅ ဧက လွှဲပြောင်းနိုင်ရေးကို စိစစ်ဆောင်ရွက်လျက် ရှိပါတယ်။
သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အဖွဲ့အစည်း တွေက ပြန်လည်စွန့်လွှတ်အပ်နှံထားပြီး မူလ တောင်သူတွေထံ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ အတွက် လက်ရှိစိစစ်ဆဲမြေ ၁၁၄၇၅ ဧကနဲ့ ထပ်မံစွန့်လွှတ်အပ်နှံလာတဲ့ မြေတွေထဲက မူလတောင်သူထံ လွှဲအပ်နိုင်တဲ့မြေတွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အမြန်ဆုံး ဆက်လက် လွှဲပြောင်းပေးနိုင်ရေး စိစစ် ကြပ်မတ်ဆောင်ရွက်သွားဖို့ နေပြည်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီတွေသို့ အကြောင်းကြားထားရှိပြီးဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကိစ္စရပ် တွေနဲ့ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေကတစ်ဆင့် ပြည်သူလူထုထံကို အသိပေးဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။
နိုင်ငံတော်အတွင်းမှာရှိတဲ့ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေဖို့၊ မြေသိမ်းဆည်း မှုပြဿနာတွေကို ပြီးပြတ်အောင် ဖြေရှင်း ဆောင်ရွက်နိုင်ဖို့အတွက် မြေစစ်ဗဟိုကော်မတီ ရဲ့ Focal Ministry အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ တာဝန်ယူပြီး ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလ အတွင်း အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ပြည်သူဗဟိုပြု ပြုပြင် ပြောင်းလဲမှု၊ အစိုးရဌာနတွေရဲ့ စီမံအုပ်ချုပ်မှု တိုးတက်ရေးနဲ့ ကောင်းမွန်တဲ့ ပြည်သူ့ ဝန်ဆောင်မှု စွမ်းရည်မြှင့်တင်ရေးဆိုတဲ့ မဟာ ဗျူဟာ (၃)ရပ်ချမှတ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှု (Good Governance)နဲ့ သန့်ရှင်း တဲ့အစိုးရ (Clean Government) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
ဒေသန္တရအုပ်ချုပ်မှု ပိုမိုအကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် “Good Local Governance and People Centered Services” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက်မှာ နေပြည်တော်ရှိ MICC II မှာ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ UNDP တို့ ပူးပေါင်းပြီး ကျင်းပ ခဲ့ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲက ထွက်ပေါ်လာ တဲ့ရလဒ်တွေ၊ အကြံပြုချက်တွေနဲ့ ရှေ့ဆက် သွားမယ့် လုပ်ငန်းစဉ်တွေအရ ဒေသန္တရ အုပ်ချုပ်မှု လေ့လာဆောင်ရွက်ခြင်းလုပ်ငန်းစဉ် (Local Governance Mapping) တွေကို အပိုင်း (၃) ပိုင်းခွဲပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်း ဒေသကြီး/ ပြည်နယ် ၁၄ ခုမှာ ဆောင်ရွက် ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မေလ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ နေပြည်တော် MICC II မှာ မြန်မာနိုင်ငံ ကောင်းမွန်တဲ့ အုပ်ချုပ်မှုလုပ်ငန်း စဉ်ဆိုင်ရာဖိုရမ်“ Myanmar Good Governance Forum” ကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ UNDP တို့ ပူးတွဲကျင်းပခဲ့ပါတယ်။
ဒီ Forumရဲ့ နောက်ဆက်တွဲလုပ်ငန်း စဉ်အဖြစ် မြန်မာနိုင်ငံရဲ့ကောင်းမွန်တဲ့ အုပ်ချုပ် မှု လုပ်ငန်းစဉ်တစ်ရပ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ (One Stop Shops)ကို ပြည်သူတို့ရဲ့ အခြေခံလိုအပ် ချက်တွေ ဖြည့်ဆည်းဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေတဲ့ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနိုင်ဖို့၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေကို တားမြစ်ပြီး ထိရောက်တဲ့ဝန်ဆောင်မှု အလေ့အကျင့်တွေ ကို ပြုစုပျိုးထောင်ပေးနိုင်ဖို့၊ ပြည်သူတွေက အစိုးရနဲ့ဌာနဆိုင်ရာတွေအပေါ် အားကိုး ယုံကြည်မှုတိုးပွားစေဖို့နဲ့ တာဝန်ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေနဲ့ ဦးစီးဌာနတွေ အလိုက် အပြန်အလှန်ထိန်းကျောင်းမှုတွေကို အထောက်အကူပြုနိုင်ဖို့ဆိုတဲ့ ရည်ရွယ် ချက်(၄)ရပ်နဲ့ ပြည်သူ့ဝန်ဆောင်မှုရုံးကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါ တယ်။
ပြည်သူ့ဝန်ဆောင်မှုရုံးတွေ ထူထောင် ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီကို ၂၀၁၅ ခုနှစ် မေလ ၂၀ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ၁၄ ဦး ပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops) တွေ ထူထောင်ဖွင့်လှစ် အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးရဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက် မှာ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ်က တွဲဖက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ စည်ပင်သာယာရေး ကော်မတီတွေက ဌာနမှူးတွေပါဝင်ပြီး စုစု ပေါင်း ၁၅ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ်တွေနဲ့ နေပြည်တော်မှာ (OSS) ရုံးတွေ ထူထောင် ဖွင့်လှစ် အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၁ ရက်မှာ ဖွဲ့စည်းခွင့်ပြု ခဲ့ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ နေပြည် တော်မှာ ခရိုင်/မြို့နယ် ဆပ်ကော်မတီတွေဖွဲ့စည်းပြီး လုပ်ငန်းတွေ အောင်မြင်အောင် ကြီးကြပ်ဆောင်ရွက်လျက် ရှိပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)နဲ့ ပတ်သက် ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက စိတ်ဝင် စားတဲ့အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးတွေ အောင်မြင်စေဖို့၊ ပြည်သူတွေ ပိုမိုဝန်ဆောင်မှု ပေးနိုင်ဖို့စတာတွေကို သိလိုတဲ့အတွက် မေးမြန်းတာ၊ စိတ်ဝင်တစား သွားရောက် ကြည့်ရှုတာတွေကို တွေ့ရှိရပါတယ်။

ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးတွေကို ပထမအဆင့် အနေနဲ့ ခရိုင်ရုံးစိုက်ရာ မြို့နယ် ၇၂ ခုမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ အခြားမြို့နယ်တွေ မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်မှာ ဆက်လက်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ မှာ နယ်မြေအခြေ အနေနဲ့ ဒေသအနေအထားအရ မဖွင့်လှစ်နိုင် တဲ့ရုံး ၁၄ ရုံးကလွဲရင် ရုံးပေါင်း ၃၁၆ ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ဆောင်မှုပေးနေတဲ့ဌာန ၂၇ ခုနဲ့ ဝန်ဆောင်မှုအမျိုးအစား ၁၅၆ မျိုးကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဝန်ဆောင်မှုအနေနဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လမှ ၂၀၁၆ ခုနှစ်အထိ ၁၅၅၇၇၆၁ ခု၊ ၂၀၁၇ ခုနှစ်မှာ ၁၂၃၉၅၉၁ ခု၊ ၂၀၁၈ ခုနှစ်မှာ ၁၄၁၁၄၅၆ ခု၊ ၂၀၁၉ ခုနှစ် ၁၃၉၉၀၇၄ ခု ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၁၉၇၁၃၁ ခုနဲ့ အများဆုံးဝန်ဆောင်မှုပေးနိုင်ပြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ၁၉၄၀၅၄ ခုနဲ့ ဒုတိယအများဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံးမှာရှိတဲ့ ဌာနတွေက ဦးဆောင်ပြီး Mobile Service Delivery နဲ့ ရပ်ကွက်/ ကျေးရွာတွေအထိ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူတွေ အချိန် ကုန်၊ ငွေကုန်သက်သာစေခြင်း၊ ပြည်သူတွေ ထံသွားရောက် ဆောင်ရွက်ပေးခြင်းဖြစ်တဲ့ အတွက် ပြည်သူတွေ စိတ်ကျေနပ်မှုရရှိစေ ခြင်း၊ ပြည်သူတွေရဲ့ လိုလားချက်တွေကို ကြားသိရခြင်း၊ အစိုးရနဲ့ဌာနဆိုင်ရာတွေအပေါ် ပြည်သူတွေက အားကိုးယုံကြည်မှု ပိုမိုရရှိ လာစေခြင်း၊ ဌာနပေါင်းစုံ ပူးပေါင်း ဆောင်ရွက် ခြင်းဖြစ်ပြီး ပြည်သူတွေ ဗဟုသုတ ပိုမိုရရှိ စေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင် ပါတယ်။
ဒီလို ကွင်းဆင်းဆောင်ရွက်မှုတွေကို ၂၀၁၉ ခုနှစ်မှာ Mobile Service Delivery နဲ့ ၁၈၆၅ ကြိမ် ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီး ဝန်ဆောင်မှုအရေအတွက် ၁၉၆၁၁၅ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံးတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် UNDP နဲ့ ပူးပေါင်းပြီး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်မှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို မွန် ပြည်နယ် သထုံမြို့နယ် ပြည်သူ့ဝန်ဆောင်မှု ရုံးမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်၊ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှာ နေပြည်တော် Park Royal ဟိုတယ်နဲ့ စတုတ္ထအကြိမ်ကို ကချင် ပြည်နယ် မြစ်ကြီးနားမြို့ City Park ဟိုတယ်မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops)တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ အတွေ့အကြုံတွေရရှိဖို့အတွက် UNDP အကူ အညီနဲ့ OSS ရုံးတွေ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၃၉ ဦး ပါတဲ့ အဖွဲ့ဟာ One Stop Shops လုပ်ငန်းတွေ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ မွန်ဂိုလီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၃ ရက်အထိ လေ့လာရေး ခရီး သွားရောက်ခဲ့ပါတယ်။
ဒါ့ပြင် ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၆ ဦး ပါဝင်တဲ့အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံရဲ့ One Window Service Office တွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ သွားရောက်လေ့လာခဲ့ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွေမှာရှိတဲ့ ကြီးကြပ်သူအရာရှိတွေ လုပ်ငန်းစွမ်းဆောင် ရည် မြင့်မားရေးအတွက် သင်တန်း ၆ ကြိမ် ကျင်းပခဲ့ပါတယ်။
ပထမနဲ့ ဒုတိယအကြိမ်မှာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ၃၆ ဦးစီ၊ တတိယနဲ့ စတုတ္ထအကြိမ် မှာ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ၁၂၂ ဦးစီ၊ ပဉ္စမအကြိမ်မှာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ၁၀၀ နဲ့ ဆဋ္ဌမ အကြိမ်မှာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ၁၀၄ ဦးကို သင်တန်းပေးနိုင်ခဲ့ပြီး ပြည်သူ့ ဝန်ဆောင်မှုရုံးတွေ ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။

ပြည်သူ့ဝန်ဆောင်မှုရုံးတွေ အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် လက်တွေ့နယ် ပယ်မှာ ထိထိရောက်ရောက် အသုံးချ ဆောင်ရွက်နိုင်ဖို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း လမ်းညွှန်စာအုပ်ကို ရေးဆွဲဆောင်ရွက်လျက် ရှိပြီး သက်ဆိုင်ရာဌာနတွေက ဝန်ဆောင်မှု လုပ်ငန်းတွေပေးဖို့ သဘောထားမှတ်ချက် ပေးပို့ထားရှိပြီး ဖြစ်ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံးတွေမှာ ပြည်သူ တွေဝန်ဆောင်မှုရယူရာမှာ လိုအပ်တဲ့ အချက် အလက်တွေပြည့်စုံရင် သက်ဆိုင်ရာဌာန ဝန်ထမ်းက တာဝန်ခံပြီး ဝန်ဆောင်မှုလုပ်ငန်း ကို ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် ပြည်သူ့ ဝန်ဆောင်မှုရုံးတွေ ပိုမို အောင်မြင် လာနိုင် ပါတယ်။ ဒီလိုဖြစ်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာန တွေက အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့နဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့ပေးဖို့ လိုအပ်နေတာကို တွေ့ရပါ တယ်။ ဒါ့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လိုအပ်ချက်တွေ ဖြည့်စွက်ပေးထားပြီး ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း လမ်းညွှန်စာအုပ်ကို ထုတ်ဝေနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံးတွေကို ပြည်သူတွေ သိရှိနိုင်ဖို့အတွက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရုံးတွေမှာ ကြော်ငြာဆိုင်းဘုတ်တွေ ထားရှိခြင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွေမှာလည်း သက်ဆိုင်ရာဌာနအလိုက် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းစဉ်တွေကို ဗီနိုင်း ချိတ်ဆွဲအသိ ပေးထားခြင်း၊ ရပ်ကွက်/ ကျေးရွာတွေအထိ ပြည်သူတွေ လက်လှမ်းမီစေဖို့ Mobile Service Delivery နဲ့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းတို့အပြင် ပြည်သူ့ဝန်ဆောင်မှုရုံး လုပ်ငန်းလမ်းညွှန်စာအုပ် ထုတ်ဝေပြီးစီးပါက သတင်းအချက်အလက်တွေကို အများပြည်သူ အကြား အလွယ်တကူရောက်ရှိစေဖို့ Mobile Phone Application နဲ့ ဖြန့်ဝေတာတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်သူတွေ အချိန်နဲ့ငွေကြေးသက်သာစွာ တစ်နေရာတည်းမှာ ဝန်ဆောင်မှုရယူနိုင် စေခြင်း၊ ဝန်ဆောင်မှုရယူရာမှာ ပိုမိုလွယ်ကူ ကောင်းမွန်လာခြင်း၊ အဂတိလိုက်စားမှုနဲ့ ကြိုးနီစနစ်ကို လျော့ကျသွားစေခြင်း၊ သတင်း အချက်အလက်တွေ ပိုမိုပွင့်လင်းမြင်သာမှု ရှိလာစေခြင်း၊ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျော့ကျ သွားစေခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ သတင်း အချက်အလက်တွေပေးခြင်း၊ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခြင်း၊ ပြည်သူလူထုရဲ့ သဘော ထားအမြင် ကောင်းမွန်လာခြင်း၊ ဝန်ထမ်း တွေရဲ့ အရည်အသွေးနဲ့ တာဝန်ယူနိုင်မှု တိုးတက်လာခြင်း၊ အစိုးရအဖွဲ့အစည်းတွေ အတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် နိုင်ခြင်းနဲ့အတူ ဌာနတွေရဲ့ ဂုဏ်သိက္ခာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံးတွေ ထူထောင် ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပိုမိုဆောင်ရွက် လာနိုင်အောင် ဆောင်ရွက်လျက်ရှိသလို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ တို့အကြား ပိုမိုဆက်သွယ်ဆောင်ရွက်ဖို့ကို စည်းရုံးဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေထံ နည်း ပညာနဲ့ အခြားသောအကူအညီတွေ ပိုမို ရရှိစေဖို့နဲ့ OSS လုပ်ငန်းဆောင်ရွက်ရာမှာ ဌာနအလိုက် ကြုံတွေ့ရတဲ့ အားနည်းချက် တွေကို လေ့လာဆန်းစစ် အားသာချက်တွေ အဖြစ်ပြောင်းလဲပြီး (OSS) ဝန်ဆောင်မှုလုပ်ငန်း တွေ ယခုထက် ပိုမိုထိရောက်အောင်မြင်ဖို့ စတုတ္ထ (၁) နှစ်တာကာလအတွင်း ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန က ဦးဆောင်ဝန်ကြီးဌာနအဖြစ် ဆောင်ရွက် နေတဲ့ ပြည်သူ့ဝန်ဆောင်မှုရုံးတွေ ထူထောင် ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားလိုပါ တယ်။

ဦးမြင့်သန်း (ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ကို စတင်ရောက်ရှိခဲ့ပါတယ်။ ရောက်ရှိချိန်မှစပြီး “ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က” ဆောင်ပုဒ်ကို ချမှတ်ပြီး ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ပြီး နောက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ စနစ်တကျဆောင်ရွက်နိုင်ဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစား အရာရှိကြီးတွေ၊ နယ်ပယ် ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ၊ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက် အထိ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ပြုပြင် ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ ဆောင်ရွက် ရမယ့် လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါတယ်။ ရလဒ်တွေအနေနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission) ၄ ရပ်နဲ့ စံတန်ဖိုး (Value) ၆ ချက်တို့ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အလားတူ ဖွံ့ဖြိုးမှုအစီအစဉ်တစ်ခုဖြစ်တဲ့ One State One Township Project ချမှတ် ဆောင်ရွက်ရေး၊ ပြဋ္ဌာန်းသတ်မှတ်ချက်တွေ ပြန်လည်သုံးသပ်ရေးအဖွဲ့ (Regulatory Review Unit – RRU) ဖွဲ့စည်းဆောင်ရွက်ရေး၊ အုပ်ချုပ်စီမံပုံ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ငန်းလမ်းညွှန်တွေ ပြုပြင်ပြောင်းလဲဖို့ Managerial Reform Unit – MRU ဖွဲ့စည်း ရေးနဲ့ e-Government စနစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်စတဲ့ နယ်ပယ်အလိုက် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်တွေကို ဖော်ထုတ်ခဲ့ပါတယ်။
ရုံးလုပ်ငန်းစနစ်တွေ ပုံမှန်လည်ပတ်နိုင်ရေး
ဒါ့ပြင် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်း ကျောင်း (IDA) ပြုပြင်ပြောင်းလဲရေး၊ အသွင် သဏ္ဌာန်ပြုပြင်ပြောင်းလဲရေးနဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကြားကာလတွေမှာ ရုံးအဆောက်အဦပိုင်းဆိုင်ရာတွေ ပြောင်းရွှေ့ ရေးကအစ ရုံးလုပ်ငန်းစနစ်တွေ ပုံမှန်လည်ပတ် နိုင်ရေးနဲ့ ပိုမိုထိရောက်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ရေးကို ဦးတည် ဆောင်ရွက်ခဲ့ ကြပါတယ်။
ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၉ ရက်မှ ၃၀ ရက်အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လုပ်ထုံးလုပ်နည်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ လုပ်နည်းစနစ်ကောင်းတွေ တည်ဆောက်ရေးဆိုတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ၃ ရပ်ကို အခြေခံပြီး လုပ်ငန်းစဉ် တွေအလိုက် ပါဝင်မယ့် နယ်ပယ် ၆ ခုကို ပိုင်းခြားဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးခဲ့ကြတဲ့ နယ်ပယ်တွေက နယ်ပယ် (၁) ပြဋ္ဌာန်းချက်တွေ ပြုပြင်ပြောင်းလဲ ရေး၊ နယ်ပယ် (၂) စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင် ပြောင်းလဲရေး၊ နယ်ပယ် (၃) ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး၊ နယ်ပယ် (၄) အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း အဆင့်မြှင့်တင်ရေး၊ နယ်ပယ် (၅) ပြည်သူလူထု ပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု၊ နယ်ပယ် (၆) တိုင်းဒေသကြီး နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ ထောက်ကူခြင်းစတဲ့ နယ်ပယ်တွေပါဝင်ပါတယ်။ ဒီနယ်ပယ်တွေကို တက်ရောက်လာတဲ့ နေပြည်တော်နဲ့ တိုင်း ဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေက ဝိုင်းဝန်းဆွေးနွေး အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီလုပ်ငန်းစဉ်အလိုက် နယ်ပယ်တွေဟာ MSDP ရဲ့မဏ္ဍိုင် ၁ ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပိုင်းမှာ ပါဝင်တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှုဆိုတဲ့ ပန်းတိုင် (၁) နဲ့လည်း ဆက်စပ်ပြီး ရေးဆွဲထားခြင်း ဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ ရေး မူဘောင် (၂၀၁၉) ကို ရေးဆွဲအတည်ပြု ထုတ်ပြန်နိုင်ခဲ့ပြီး ဆက်လက်အကောင် အထည်ဖော်လျက်ရှိပါတယ်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်သူနှင့်အတူ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စံနမူနာပြဆောင်ရွက် နိုင်ရန်ဆိုတဲ့ မဟာဗျူဟာရည်မှန်းချက်နဲ့ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင်(၂၀၁၉ )ကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။
မူဘောင်မှာ ရှေ့ကပြောကြားခဲ့တဲ့ နယ်ပယ် ၆ ရပ် ပါဝင်ပြီး မူဘောင်ပါ လုပ်ငန်း စဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ အထွေထွေ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေး မူဘောင် အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ မူဘောင်ပါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ပူးပေါင်းဆောင်ရွက်လိုတဲ့ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ပါဝင်တဲ့ “ပူးတွဲလုပ်ငန်းအဖွဲ့” ကို ဖွဲ့စည်းထားပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ပထမ (၃) လပတ် ကာလအတွင်း အသွင်သဏ္ဌာန်အားဖြင့် ပြောင်းလဲမှုတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ရေးနဲ့ ကျင့်သုံးလျက်ရှိတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ အမိန့်တွေ၊ ညွှန်ကြားချက် တွေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်စနစ်နဲ့ အညီ ဆီလျော်မှုဖြစ်စေဖို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းတွေ ဆောင်ရွက်ရာမှာ အကြံပြုနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက် ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၂၄/ ၂၀၁၉) နဲ့ ဖွဲ့စည်း ထားပါတယ်။
ဒုတိယ (၃) လပတ်ကာလအတွင်း ဝန်ကြီး ဌာန အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအဖွဲ့ (Corruption Prevention Unit – CPU) ကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်။ ပြည်သူ တွေရဲ့ နစ်နာမှု၊ တိုင်ကြားမှုတွေကို တိုက်ရိုက် လက်ခံ ဖြေရှင်းပေးနိုင်ဖို့အတွက် ဝန်ကြီးရုံး ဖွဲ့စည်းပုံမှာ တိုင်ကြားစာဌာနကို ထည့်သွင်း ဖွဲ့စည်းထားရှိပါတယ်။ ဝန်ကြီးဌာန Website မှာ တိုင်ကြားစာကဏ္ဍ သီးခြားထည့်သွင်းပြီး အကြံပြုချက်နဲ့ တိုင်စာတွေကို လက်ခံစိစစ် ဆောင်ရွက်လျက် ရှိပါတယ်။
အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်း ကျောင်းအနေနဲ့ အဆင့်မြှင့်တင်နိုင်ဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ သင်ရိုးသင်ခန်းစာတွေကို ပြောင်းလဲဆောင်ရွက်လျက် ရှိပါတယ်။ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတွေရဲ့ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းတွေ ဖွင့်လှစ်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ဆောင်ရွက်ရမယ့် တည်ဆဲဥပဒေတွေ၊ သတ်မှတ်ပေးထားတဲ့ လုပ်ငန်းတာဝန်တွေ ပြည့်ပြည့်စုံစုံပါဝင်တဲ့ ရပ်ကွက်/ကျေးရွာအုပ်စု လက်စွဲစာစောင် ရေးဆွဲပြုစုပြီး ရပ်/ကျေး အဆင့်အထိ အခမဲ့ ဖြန့်ဝေပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ ကောင်းမွန်တဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေ ရေးဆွဲရာမှာ ပြည်သူတွေပါဝင်နိုင်မှု၊ အစိုးရနဲ့ ပြည်သူအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ရပ် ဖြစ်ပေါ်လာစေရေးမှာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ ရေး မူဘောင် (၂၀၁၉)၊ နယ်ပယ် (၅) ရဲ့ မျှော်မှန်းရလဒ်(၂) မြို့လူထုအစည်းအဝေး နည်းလမ်းတွေမှတစ်ဆင့် ပြည်သူ့ရေးရာ တာဝန်ခံယူမှုကို မြှင့်တင်ဆောင်ရွက်နိုင်တဲ့ အုပ်ချုပ်မှုစနစ်ကောင်းတစ်ရပ်ကို ဖော်ဆောင် နိုင်ဖို့ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ လက်တွေ့ မြေပြင်အတွေ့အကြုံတွေ၊ အစိုးရ မဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ဖူးတဲ့ မြေပြင်အတွေ့အကြုံတွေ အပေါ် အခြေခံပြီး လက်တွေ့ မြေပြင် မှာ မြို့လူထုတွေ့ဆုံပွဲ တွေ (Town Hall Meeting) ကျင်းပရာမှာ လိုက်နာဆောင်ရွက်သင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက် တွေကို ဆွေးနွေး ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တဲ့ အလုပ်ရုံဆွေးနွေး ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၇ ရက် အထိ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်း ကျောင်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ၁၁၀ နဲ့ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြုပြင်ပြောင်းလဲမှုစံနမူနာ မြို့နယ်တွေ ပေါ်ထွန်းလာစေဖို့နဲ့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး တိုင်းဒေသကြီး / ပြည်နယ် တစ်ခု၊ မြို့နယ်တစ်ခု စီမံချက် (One State One Township Project) ကို တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ ၂၀၁၉ ခုနှစ် ဧပြီလမှ စိတ်ကြိုက်ရွေးချယ်စေ၍ စတင်ဆောင်ရွက် ခဲ့ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာလည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ စံတန်ဖိုး ၆ ရပ်နဲ့ ကိုက်ညီမှုရှိစေဖို့အပြင် ပြည်သူဗဟိုပြု ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူနဲ့အတူ ဆောင်ရွက်နိုင်ရေးဆိုတဲ့ အဓိကအချက်တွေနဲ့ အညီ ဆောင်ရွက်ပါတယ်။
အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ် တွေဟာ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်တဲ့ အစိုးရ ဖြစ်ဖို့နဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုလက္ခဏာတွေရှိတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ပြည်သူတွေကို ပိုမိုထိရောက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အတွက် ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ရေးဆွဲလျက်ရှိသလို ပွင့်လင်းမြင်သာမှု ရှိတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်လာဖို့အတွက် လက်စွဲတွေ ပြုစုလျက်ရှိပါတယ်။ ဒါကဌာနရဲ့ အတွင်းမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
အလားတူ တစ်ဖက်ကလည်း ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေ ကိုယ်တိုင်ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။ မြို့လူထု တွေ့ဆုံပွဲတွေမှာ ပြည်သူတွေဟာ ဒေသဖွံ့ဖြိုး ရေးကို ရည်ရွယ်တဲ့ အကြံဉာဏ်ကောင်းတွေ ပေးခြင်းဖြင့် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်သလို တိုင်းဒေသကြီး/ ပြည်နယ် တစ်ခု၊ မြို့နယ်တစ်ခု စီမံချက်တွေမှာ ဌာနဆိုင်ရာတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ လက်ရှိမှာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြပါတယ်။

အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ် တွေဟာ ကျွန်တော်တို့ဌာနတစ်ခုတည်း သာမက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရား ကြီး တစ်ခုလုံးမှာပါနေတဲ့ ဌာနအသီးသီးနဲ့ သက်ဆိုင်နေပါတယ်။ ထိရောက်တဲ့ အုပ်ချုပ် ရေး လုပ်ငန်းစဉ်တွေအတွက် တရားဥပဒေ စိုးမိုးမှုရှိရေးနဲ့အတူ ရပ်ရွာအေးချမ်းသာယာ ရေးတို့ ခွဲမရတဲ့ယန္တရားရဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
သိသာမြင်သာတဲ့ ရလဒ်တွေထွက်ပေါ်ဖို့ အားလုံးမှာ တာဝန်ရှိသလို အုပ်ချုပ်ရေး ဝန်ထမ်းတွေအနေနဲ့ မိမိကျရာကဏ္ဍက တာဝန်ကျေဖို့ကို တင်ပြချင်ပါတယ်။ အခြေခံ အကျဆုံးအဆင့်မှာ ဆောင်ရွက်ကြရတဲ့ သူတွေဖြစ်လို့ ပြည်သူရဲ့လိုအပ်ချက်ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြည့်ဆည်းဝန်ဆောင် မှုပေးနိုင်မယ်ဆိုရင် ပြည်သူကလက်ခံတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်လာ အောင် ကြိုးစားဆောင်ရွက်နေပါတယ်။

ဦးညီညီမင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး၊ နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေ အကောင် အထည်ဖော်ရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ဖော်ဆောင်ရေးနဲ့ ပြည်သူဗဟိုပြုဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရေး ဆိုတဲ့ ရည်မှန်းချက်တာဝန် ၄ ရပ်ကို ပြည်သူကို ဗဟိုပြုတဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ယန္တရား တည်ဆောက်ရေးဆိုတဲ့ မျှော်မှန်း ချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟာ ပင်မလုပ်ငန်းတာဝန်တွေဖြစ်တဲ့ မြေယာစီမံ ခန့်ခွဲခြင်းလုပ်ငန်း၊ ယစ်မျိုးစီမံခန့်ခွဲခြင်း လုပ်ငန်း၊ အခွန် (၄) မျိုး ကောက်ခံခြင်းလုပ်ငန်း၊ မြို့နဲ့ ကျေးရွာတွေ စနစ်တကျဖွဲ့စည်းရေး လုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ အသင်းအဖွဲ့တွေ ဥပဒေနဲ့အညီ မှတ်ပုံတင် ခွင့်ပြုရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။
ဒါ့ပြင် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်အပ်နှင်းတာ၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေ လွှဲပြောင်းတာကို ကန့်သတ်တဲ့ ဥပဒေဆိုင်ရာလုပ်ငန်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဌာနက ကိုင်တွယ်ကျင့်သုံးလျက်ရှိတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စီမံခန့်ခွဲဆောင်ရွက် လျက်ရှိပါတယ်။
နေပြည်တော်၊ ရန်ကုန်မြို့တော်နဲ့ မန္တလေး မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွေ မှအပ အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေတွေကို မြေယာစီမံခန့်ခွဲမှုဥပဒေနဲ့အညီ ဖြစ်စေရေး ဆိုတဲ့ ရည်မှန်းချက်နဲ့ စီမံခန့်ခွဲဆောင်ရွက် လျက် ရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ မြေယာစီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး ဌာနက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြို့မြေ၊ ကျေးရွာမြေ၊ မြစ်ကမ်းသဲသောင်မြေ၊ ရေကန်မြေ၊ သုသာန် မြေ၊ ကျေးရွာဘုံမြေ၊ စားကျက်မြေနဲ့ သာသနာ မြေ (အခွန်လွတ်သာသနာ့မြေ၊ ဗုဒ္ဓသိမ်မြေ) တွေကို ဌာနဆိုင်ရာတွေအတွက် မြေသိမ်း ပေးခြင်း၊ မြေလွှဲပေးခြင်း၊ သာသနာရေးနဲ့ ဝင်ငွေမရှိသော လူမှုရေး လုပ်ငန်းတွေအတွက် သာသနာ့ဂရန်၊ အခွန်လွတ်မြေငှားဂရန် ထုတ်ပေးခြင်း၊ ဗုဒ္ဓသိမ် ဂရန်ထုတ်ပေးခြင်း၊ မြေငှားလိုင်စင် ထုတ်ပေးခြင်း၊ နှစ်တိုနှစ်ရှည် မြေငှားဂရန် ထုတ်ပေးခြင်း၊ သုသာန်မြေ သတ်မှတ်ခြင်းနဲ့ ပယ်ဖျက်ခြင်း၊ စားကျက် မြေသတ်မှတ်ခြင်းနဲ့ ပယ်ဖျက်ခြင်း၊ ကျေးရွာ ဘုံမြေ သတ်မှတ်ခြင်းနဲ့ ပယ်ဖျက်ခြင်း၊ မြေယာ အငြင်းပွားမှုတွေ ဖြေရှင်းဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေက အသုံး မပြုတဲ့မြေတွေကို ပြန်လည်စွန့်လွှတ်အပ်နှံ ခြင်းနဲ့ နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်တဲ့ မြေယာကိစ္စတွေကို ဆောင်ရွက်လျက်ရှိပါ တယ်။
စတုတ္ထ (၁) နှစ်တာ ကာလအတွင်း နိုင်ငံတော်အစိုးရအတွက် မြေသိမ်းကိစ္စရပ် ၄ ခုနဲ့ မြေလွှဲ ၁၇၃ ခုတို့ကို ဆောင်ရွက်နိုင် ခဲ့ပြီး သာသနာ့ဂရန် ၁၀၂ ခု၊ ဗုဒ္ဓသိမ် ၅၂ ခု၊ စားကျက်မြေ ၁၇ ခု၊ မြေ ၅ ဧကနဲ့အထက် မြေငှားဂရန် ၃၁ ခု၊ မြေ ၅ ဧကအောက် မြေငှားဂရန် ၁၄၅၂ ခုနဲ့ ကျေးရွာမြေငှားဂရန် ၄၇၂၉ ခု တို့ကို ထုတ်ပေးနိုင်ခဲ့ပါတယ်။

ယစ်မျိုးစီမံခန့်ခွဲခြင်းအနေနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် ယစ်မျိုးစီမံခန့်ခွဲမှု စနစ်တကျဖြစ်စေရေးဆိုတဲ့ ရည်မှန်းချက်ကိုချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အရက် သေစာသောက်စားခြင်း အလေ့အထ ပြန့်ပွား ခြင်းကို အားပေးခြင်းမရှိစေရန် ယစ်မျိုး မူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
တစ်နိုင်ငံလုံးမှာ ယစ်မျိုးလိုင်စင် အရေ အတွက် ၄၁၁၃၁ ခုကို ခွင့်ပြုချထားပေးခဲ့ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန် ငွေတွေ အပြည့်အဝရရှိစေရန်၊ လိုင်စင်မဲ့ ဆောင်ရွက်မှုကို ဥပဒေနဲ့အညီ စနစ်တကျ အရေးယူနိုင်ဖို့အတွက် ယစ်မျိုးလိုင်စင်ခွန်တွေ တိုးမြှင့်ကောက်ခံရေးနဲ့ စိစစ်ကြပ်မတ်ရေး အဖွဲ့ (Task Force) တွေကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ဗဟိုအဆင့်တွေ ဖွဲ့စည်းပြီး ပညာပေးဆွေးနွေးခြင်း နည်းလမ်း၊ စီမံခန့်ခွဲရေးနည်းလမ်း၊ အုပ်ချုပ်ရေး နည်းလမ်းတွေနဲ့ အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။
အခွန် (၄) မျိုး ကောက်ခံခြင်းအနေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လျာထား ချက်ပြည့်မီကျော်လွန်အောင် ကောက်ခံရေး ဆိုတဲ့ ရည်မှန်းချက်ကို ချမှတ်ပြီး ယစ်မျိုးခွန်၊ မြေခွန်၊ တာတမံခွန်နဲ့ ဓာတ်သတ္တုခွန်တွေကို နှစ်စဉ်ကောက်ခံဆောင်ရွက်ပေးလျက် ရှိပါ တယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ လုပ်သားပြည်သူတွေရဲ့ စီးပွားရေးနဲ့ လူမှုရေး အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူအများရဲ့ အကျိုးကိုမျှော်ကိုးပြီး လူအများက စိတ်ပါဝင်စားစွာဖြင့် ကိုယ်ပိုင်ငွေအား၊ ကိုယ်ပိုင်ပစ္စည်းအား၊ ကိုယ်ပိုင်ဉာဏစွမ်းအား တို့နဲ့ ပူးပေါင်းဆောင်ရွက်လာစေရန်နဲ့ နိုင်ငံသားတိုင်းဟာ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်၊ ကိုယ့်ဝန်ကိုယ်ထမ်း စိတ်ဓာတ်နဲ့ မိမိတို့ရဲ့ သာယာဝပြောတဲ့ ဘဝသစ်ကို မိမိတို့ကိုယ်တိုင် ဖန်တီးလိုစိတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးနဲ့ လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်း၊ လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျေးရွာရေရရှိရေးလုပ်ငန်း၊ အခြားစီးပွားရေးဆိုင်ရာလုပ်ငန်းနဲ့ လူမှုရေး ဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။
စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သန်းပေါင်း ၁၂၉ သန်း၊ ပြည်သူလူထုထည့်ဝင် ငွေကျပ်သန်းပေါင်း ၆၂ ဒသမ ၅၀ နဲ့ လုပ်ငန်း သစ် ၃၉ ခုနဲ့ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ၄ ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ကျေးလက်နေ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးနဲ့ လယ်ယာ မြေဖော်ထုတ်ရေး၊ အခြားစီးပွားရေးလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုဘဝ တိုးတက်မြင့်မားရေးကို များစွာအထောက် အကူဖြစ်လာမှာ ဖြစ်ပါတယ်။

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပင်မလုပ်ငန်းတာဝန်မှာ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်ထိုက်သူကို ချီးမြှင့်ရေး လုပ်ငန်းလည်း ပါဝင်ပါတယ်။ အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တော်တည်ဆောက်ရာမှာ ထူးကဲစွာ ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် တွေ၊ နယ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနဲ့မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ် တွေ၊ နိုင်ငံနဲ့ လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနဲ့ အခြားသော ပညာရပ်တစ်ခုခုမှာ ကမ္ဘာ့အဆင့်မီ အောင်အောင်မြင်မြင် တီထွင် ဖန်တီးစွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ စာပေနဲ့ အနုသုခုမ ပညာရပ်တွေမှာ ထူးခြားကောင်းမွန် စွာ တတ်မြောက်တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်နဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြတဲ့ နိုင်ငံခြား ခေါင်းဆောင်တွေ၊ နိုင်ငံခြားသံတမန် တွေနဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ တံဆိပ်တွေ ချီးမြှင့်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာမှာ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း သရေစည်သူဘွဲ့ ၁ ဦး၊ သီဟ သူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၃ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၁၁ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၁ ဦး၊ သိပ္ပ ကျော်စွာဘွဲ့ ၃ ဦး၊ သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ် ၉ ဦး၊ မြန်မာနိုင်ငံ စစ်မှုထမ်းသင်္ဂဟ တံဆိပ် ၁၅၄၈ ဦး၊ စစ်မှုထမ်းကောင်းတံဆိပ် ၂၃၃၃ ဦး၊ ပြည်သူ့သားကောင်းတံဆိပ် ၁၆၃ ဦး၊ ရဲဗလတံဆိပ် ၅ ဦး၊ ရဲသူရိန်တံဆိပ် ၈ ဦး၊ ရဲကျော်စွာတံဆိပ် ၇ ဦး၊ ရဲမှုထမ်းကောင်းတံဆိပ် ၂၂၃ ဦး၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၈၄၀၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၁၃၀၀၄ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၃၀၀၉၈ ဦးနဲ့ ငြိမ်ဝပ် ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးရေး တံဆိပ် ၇၉၅၄၇ ဦးကို ချီးမြှင့်အပ်နှင်း ပေးနိုင်ခဲ့ ပါတယ်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ရာတွင် နိုင်ငံ တော်ရဲ့ အုပ်ချုပ်ရေးယန္တရား သွက်လက် ထက်မြက်စေဖို့ အတွက် စံ ၅ ရပ်နဲ့ ပြည့်စုံတဲ့ ဝန်ထမ်းကောင်းတွေဖြစ်အောင် အမြဲမပြတ် လေ့ကျင့်ပေးရေး၊ နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒ၊ အခြေခံသဘောတရား၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင် ပေးရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လုပ်ငန်းစွမ်းဆောင်ရည်တိုးမြှင့်ရေး၊ ခေါင်းဆောင်မှုပညာ၊ အုပ်ချုပ်ရေးပညာ၊ စီမံခန့်ခွဲရေးပညာရပ်တွေနဲ့ ကျွမ်းကျင်ပြည့်စုံတဲ့ အုပ်ချုပ်ရေးမှူးကောင်း တွေကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးနိုင် ဖို့ ရည်ရွယ်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်းနဲ့ အခြားဝန်ကြီးဌာနတွေက ဖွင့်လှစ်တဲ့ သင်တန်းတွေကို တက်ရောက်စေပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်သူ နဲ့ အတူ “Together with the People” ဆိုတဲ့ အစိုးရရဲ့ ဆောင်ပုဒ်နဲ့အညီ ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်စေဖို့ အောက်ခြေအဆင့်ဝန်ထမ်း တွေကို စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ပေးပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့၊ ပြည်သူလူထုကို ထိရောက် တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်လို့ လေးစားစွာတင်ပြအပ်ပါတယ်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close