Uncategorized

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထွေထွေရွေးကောက်ပွဲတွင် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကျင်းပသော မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှု

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထွေထွေရွေးကောက်ပွဲတွင် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကျင်းပသော မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှု
နေပြည်တော် အောက်တိုဘာ ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ အထွေထွေ ရွေးကောက်ပွဲတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကျင်းပသည့် မဲပေးသည့် အစီအစဉ် လက်တွေ့ သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ မဲပေးသည့် အစီအစဉ် လက်တွေ့သရုပ်ပြသရန် စီစဉ်ထားရှိမှု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မဲရုံများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ယာယီမဲရုံများတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မဲရုံ အတွင်း၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးခြင်းနှင့် မဲလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မဲရုံပြင်ပတွင် ကြီးကြပ်သည့်လုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်မည့်အစီအစဉ်၊ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)၌ လက်တေွ့သရုပ်ပြ မဲပေးရန် တန်းစီစောင့်ဆိုင်းနေသူ များအား မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်သူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ခြင်း၊ နှာခေါင်းစည်း ထုတ်ပေးခြင်း ဆောင်ရွက်နေမှု၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ သတ်မှတ်အချိန် အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုပြီး လာရောက်မဲပေးသည့် ပြည်သူများ မဲပေးရန် တန်းစီစောင့်ဆိုင်းရာတွင် တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာ နေနိုင်ရေး၊ လက်များကို လက်သန့်ဆေးရည်ဖြင့် သန့်စင်ဆေးကြောပေးရာတွင် မှန်မှန်ကန်ကန် ဆေးကြော သန့်စင်ပေးရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁) ရပ်ကွက် မဲရုံအမှတ်(၁)၏ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြနေမှုအား ကြည့်ရှုစစ်ဆေးရာ မဲပေးရန် တန်းစီစောင့်ဆိုင်းနေသူများအား မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်သူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ခြင်း၊ နှာခေါင်းစည်းထုတ်ပေးခြင်း၊ ဆောင်ရွက်နေမှု၊ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ သတ်မှတ်အချိန်အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး မဲရုံပြင်ပနှင့် မဲရုံအတွင်း ခင်းကျင်းပြင်ဆင် ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက် ထားရှိရန်နှင့် သတ်မှတ်အချိန်အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲပေးခွင့်ရှိသူ အင်အားအနည်းအများအလိုက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လက်တွေ့သရုပ်ပြ မဲပေးသည့် အစီအစဉ်တွင် ပါဝင်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ယနေ့ မဲပေးရာတွင် အဆင်မပြေမှုများ၊ အခက်အခဲများရှိပါက သက်ဆိုင်ရာ ဌာနများသို့ တင်ပြကြရန်နှင့် အကြံပြု လိုသည့် အချက်များရှိပါက အကြံပြုစာများ တင်ပြနိုင်ပါကြောင်း ပြောကြားခဲ့သည်။
ယနေ့တွင် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြမှု ဆောင်ရွက်ခဲ့သည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံအမှတ် (၁) တွင် မဲပေးခွင့်ရှိသူ ၂၁၀၃ ဦး ရှိကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခွင့် ရှိသူ ၈၁၁ ဦးရှိကြောင်း။
လက်ရှိစာရင်းများအရ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၈၅၅၁၃ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၇၇၈၆ ဦး၊ ပျဉ်းမနားမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၃၂၄၅၇ ဦး၊ လယ်ဝေးမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၁၇၆၂၀ ဦး၊ ဇေယျာသီရိ မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၇၉၀၂၉ ဦး၊ တပ်ကုန်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၇၈၈၄၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၉၂၈၆၉ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅၂၄၆၉ ဦး ရှိကြောင်း သိရသည်။
crd#MyanmarStateCounsellorOffice

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close